သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးတုံး သတ်ဖြတ်မှု စစ်ကောင်စီအပေါ် စွဲဆိုချက် အာဂျင်တီးနားတရားရုံး စတင်ကြားနာ


BROUK ဥက္ကဌ ဦးထွန်းခင် (ဘယ်)နဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဟောင်း Tomas Ojea Quintana (ညာ)တို့အား အာဂျင်တီးနား ဖယ်ဒရယ်တရားရုံးရှေ့ တွေ့ရစဉ်။ ( ပုံဟောင်း -Buenos Aires မြို့ November 13, 2019 )
BROUK ဥက္ကဌ ဦးထွန်းခင် (ဘယ်)နဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဟောင်း Tomas Ojea Quintana (ညာ)တို့အား အာဂျင်တီးနား ဖယ်ဒရယ်တရားရုံးရှေ့ တွေ့ရစဉ်။ ( ပုံဟောင်း -Buenos Aires မြို့ November 13, 2019 )

---- [ Zawgyi ] ----

လူမျိုးတုံး သတ်ဖြတ်မှု စစ်ကောင်စီအပေါ် စွဲဆိုချက် အာဂျင်တီးနားတရားရုံး စတင်ကြားနာ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဆိုတဲ့ စွဲချက်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စွဲထားတဲ့အမှုကို လက်ခံကြားနာ စစ်ဆေးနေပါတယ်။ အာဂျင်တီးနား ပြည်ထောင်စုတရားရုံးမှာ အမှုစွဲတင်ထားတဲ့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာများအဖွဲ့ BROUK ဥက္ကဌ ဦးထွန်းခင် ကိုယ်တိုင် ဒီကနေ့ ကြာသာပတေးနေ့မှာ ထွက်ဆိုမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ BROUK ရဲ့ ကြေညာချက်မှာတော့- Buenos Aires မှာရှိတဲ့ အာဂျင်တီးနား ဗဟိုတရားရုံးရှေ့မှောက်မှာ အမှုနဲ့ပတ်သက်လို့ ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ အဖွဲ့ဥက္ကဌ ဦးထွန်းခင် ထွက်ဆိုချက်ပေးမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဆိုတဲ့ မြန်မာစစ်တပ်အပေါ် တရားစွဲထားတဲ့ အမှုဖွင့်လက်ခံဖို့ Universal Jurisdiction နိုင်ငံတကာ ဥပဒေချိုးဖောက်မှု မှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့်ဆိုတဲ့ ဥပဒေအောက်မှာ အာဂျင်တီးနား တရားစီရင်ရေးဌာနက နိုဝင်ဘာလမှာ ဆုံးဖြတ်ခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဆယ်စုနှစ်တွေနဲ့ချီပြီး ကြိုးစားခဲ့ပြီးတဲ့နောက် အခုလို ထွက်ဆိုခွင့်ရတာဟာ ရိုဟင်ဂျာတွေအတွက် သမိုင်းဝင် ဖြစ်ရပ်တခုဖြစ်ကြောင်း မြန်မာ-ရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် Universal Jurisdiction ဥပဒေအောက်မှာ မြန်မာ စစ်ဘက်နဲ့ အရပ်ဘက်ခေါင်းဆောင်တွေအပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ BROUK အဖွဲ့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အာဂျင်တီးနား ဗဟိုတရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပေမယ့် NUG အမျိုးသားညီညွတ်ရေးအစိုးရကတော့ ရိုဟင်ဂျာဆိုတာကို အသိအမှတ်ပြုကြောင်းနဲ့ သူတို့အတွက် တရားမျှတမှု ရရှိရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်


--- { Unicode } ---








XS
SM
MD
LG