သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖေ့စ်ဘုတ်ကို ရိုဟင်ဂျာဒုက္ခသည်များ တရားစွဲမှု အလားအလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (ဧပြီ ၁၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (ဧပြီ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တဲ့အထိ အမုန်းတရားတွေ ပြန့်ပွားစေတဲ့ ရေးသားဖော်ပြမှုတွေ၊ သတင်းမှားတွေကို ဖေ့စ်ဘုတ်က ထိထိရောက်ရောက် အရေးယူ မကိုင်တွယ်ခဲ့ဘူးလို့ စွပ်စွဲပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေက Meta ကုမ္ပဏီကို ဒေါ်လာ ၁၅၀ ဘီလျံ လျော်ကြေးပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က တရားစွဲတင်ခဲ့ပါတယ်။ ဒီစွဲဆိုမှုကြောင့် လူအမြောက်အမြား သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပေါ် နည်းပညာကုမ္ပဏီကြီး တခုအတွက် နာမည်ဆိုး ကျန်ခဲ့လိမ့်မယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဖေ့စ်ဘုတ်ဘက်ကတော့ အခုလိုမဖြစ်ဖို့ သက်ဆိုင်ရာနိုင်ငံက မိခင်ဘာသာစကား ပြောသူတွေနဲ့ သီးခြားပြန်စစ်တာ အပါအဝင် ဘက်စုံ မဟာဗျူဟာ ချထားပြီးပြီလို့ တုံ့ပြန်ထားပါတယ်။ အခုအမှုစွဲဖို့ ဘယ်လိုလုပ်ဆောင်ထားတာကို ဦးထွန်းခင်က အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ အစပိုင်းကတော့ ဖေ့စ်ဘုတ်ကို Notice Letter ဆိုတဲ့ဟာပေါ့၊ Acknowledge Letter ဖေ့စ်ဘုတ်က ဒီလိုဒီလိုလုပ်တယ်၊ အဲဒီအပေါ်မှာ ကျနော်တို့ တရားစွဲသွားမယ်ဆိုတဲ့ဟာပေါ့။ UK နဲ့ US မှာ၊ ဒုတိယကျတော့ ကျနော်တို့က ဒီမှာ Genocide Survivor လို့ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုက လွတ်မြောက်လာတဲ့ အသက်ရှင်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေရှိတယ်၊ ပြီးတော့ တခြားနိုင်ငံတွေမှာလည်း ရှိတယ်၊ ဒီလူတွေက ဒီမှာ အဓိက အခန်းကဏ္ဍမှာ ပါဝင်ပြီးတော့ တရားစွဲမှာ ဖြစ်ပါတယ်။”

နိုင်ငံတကာဥပဒေ ကျွမ်းကျင်သူ အမည်မဖော်လိုသူ တဦးကတော့ …

“US မှာဆိုရင် Class Action ဆိုပြီးတော့ ဖက်ဒရယ်တရားရုံးမှာ မဟုတ်ဘဲနဲ့ ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးမှာ သူတို့ အမှုဖွင့်ထားတာပေါ့လေ။ UK မှာကလည်း US လို ဖက်ဒရယ်မဟုတ်ဘဲနဲ့ သူတို့ရဲ့ တရားရုံးစနစ်ထဲမှာတော့ ဖွင့်ထားတာပေါ့။ ဒါပေမယ့် အဓိကတော့ ဖေ့စ်ဘုတ် လူမှုကွန်ရက် ကုမ္ပဏီတွေကို သူတို့ ကာကွယ်ပေးတဲ့ Section 230 Communication Decency Act ဆိုတဲ့ ဥပဒေက ဒီလိုမျိုး ကုမ္ပဏီတွေကို ဒီလိုမျိုး တရားစွဲဆိုမှုကို ကာကွယ်ပေးထားတာပေါ့လေ။ အမေရိကားမှာဆိုရင် ဖက်ဒရယ်ဥပဒေ ဆိုတာက သူတို့ရဲ့ နောက်ဥပဒေတခုရှိတယ်၊ သူတို့ရဲ့ အခြေခံဥပဒေ Constitution အရ Supremacy Clause ဆိုတာ ဖက်ဒရယ်ဥပဒေတွေ အားလုံးက သူက တခြားဥပဒေတွေ အားလုံးကို လွှမ်းမိုးတာပေါ့။ အဲဒါဆိုတော့ ဒီအမှုတွေကတော့ အောင်မြင်နိုင်မယ်လို့ ကျနော် မထင်ပါဘူး။” လို့ ပြောပါတယ်။

ဒါပေမယ့် ဦးထွန်းခင်ကတော့ အမှုအလားအလာ ကောင်းနေတယ်လို့ ယုံကြည်ထားပါတယ်။

“US Law နဲ့ UK Law နဲ့ နည်းနည်းတော့ ကွာခြားမှုတွေရှိတယ်။ အမေရိကန်နိုင်ငံ ဥပဒေနဲ့ စာရင်တော့ ကန့်သတ်မှုတွေ ရှိနေတယ်။ အဲဒါတော့ ကျနော်တို့ သိထားတယ်။ ဒါပေမယ့်လည်း သူတို့က လွတ်မြောက်ဖို့ လမ်းမရှိဘူး။ အထူးသဖြင့် UK Law နဲ့ သူတို့ ဘယ်နည်းနဲ့မှ လွတ်မြောက်ဖို့လမ်း မရှိဘူး။”

နောက် ထပ်ဖြစ်လာနိုင်တာကိုလည်း ဦးထွန်းခင်က …

“အဓိက ဒီနေရာမှာ တရားမျှတမှုကို လိုလားတာပေါ့။ ဖေ့စ်ဘုတ်လို ကမ္ဘာမှာ အကြီးမားဆုံးနဲ့ အဲ့လို တက်ခ်ကုမ္ပဏီတခုက ဒီလိုမျိုး လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်နေတာကို သိသိကြီးနဲ့ အမုန်းစကားတွေကို ပြန့်ပွားနေပြီးတော့ အဲဒီအမုန်းစကား ပြန့်ပွားမှုကြောင့် လူတွေအများကြီး အသက်တွေ ဆုံးရှုံးခဲ့ရတယ်၊ အိုးအိမ်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒီလိုကုမ္ပဏီတခုရဲ့ နာမည်ဆိုးတခု ကျန်ခဲ့မှာပါ။ အဲဒါကြောင့် ဒီ Case ကို သူတို့ သေသေချာချာ ကိုင်တွယ်လိမ့်မယ်လို့ ကျနော်တို့မြင်တယ်။” လို့ ပြောပါတယ်။

ဖေ့စ်ဘုတ်အနေနဲ့ မြန်မာစစ်တပ် အရာရှိတွေရဲ့ ဖေ့စ်ဘုတ်မှတ်တမ်းတွေ ထုတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတာကို တရားရုံး ရင်ဆိုင်ဖြေရှင်းနေရချိန်မှာ အခု ထပ်ဖြစ်လာတဲ့ ဒီတရားစွဲမှုကြောင့် ဖိအားတွေ ပိုများလာနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဖေ့စ်ဘုတ်ကို ရိုဟင်ဂျာဒုက္ခသည်များ တရားစွဲမှု အလားအလာ
please wait

No media source currently available

0:00 0:03:25 0:00
တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)












This item is part of
XS
SM
MD
LG