သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ရိုဟင်ဂျာ ၈၀ ကျော် အင်ဒိုနီးရှား မီဒန် မြို့ကို ပြောင်းရွှေ့


မီဒန် မြို့ကို ရောက်ရှိတဲ့ လှေစီးပြေး ရိုဟင်ဂျာတချို့ (ဓါတ်ပုံ: VOA/Anugrah Andriansyah)
မီဒန် မြို့ကို ရောက်ရှိတဲ့ လှေစီးပြေး ရိုဟင်ဂျာတချို့ (ဓါတ်ပုံ: VOA/Anugrah Andriansyah)

(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar ဒုက္ခသည် စခန်းကနေ အင်ဒိုနီးရှားနိုင်ငံ အာချေပြည်နယ်ထဲကို သောကြာနေ့က စက်လှေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ၈၁ ယောက်ကို အနောက်စုမားတြား ပြည်နယ်မြို့တော် Medan ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

အင်ဒိုနီးရှား အစိုးရ ဒုက္ခသည်အရေး ကိုင်တွယ်ဆောင်ရွက်တဲ့ PPLN နဲ့ အတူ မီဒန်မြို့ အုပ်ချုပ်ရေးအဖွဲ့ နဲ့ အရှေ့Aceh ရင်ခွင်ပိုက်အစိုးရ တို့ကြားဆွေးနွေးမှုအပြီး သူတို့ ကို ပြောင်းရွှေ့ဖို့ အကြံပြုခဲ့တာ ဖြစ်ကြောင်း ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အင်ဒိုနီးရှား IOM အဖွဲ့ က ဇွန်လ ၁၀ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။

အစည်းဝေးဆုံးဖြတ်ချက်အရ ဒီဒုက္ခသည်တွေကို မီဒန်မြို့ကို ချက်ချင်း ပြောင်းရွှေ့ပေးရမှာ ဖြစ်ပြီး သူတို့နေထိုင်ရေး အတွက် IOM က စီစဉ်ပေးရမှာ ဖြစ်ကြောင်း အင်ဒိုနီးရှား IOM အဖွဲ့က Sonya S Wallenta က ပြောကြားခဲ့ပါတယ်။

သူတို့ကို မီဒန်ကို မပို့ခင် ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးတာ အပါအဝင် ဆေးစစ်မှုတွေ လုပ်မှာ ဖြစ်သလို မီဒန်ကိုရောက်ရင် သီတင်းပတ် ၂ ပတ် quarantine နေပြီးမှ မီဒန်မှာပဲ ယာယီထားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် သူတို့ကို မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အဖြစ် UNHCR ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး မှာ မှတ်ပုံတင်ရမှာ ဖြစ်ကြောင်း IOM က ပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ သူတို့ကို စိစစ်ပြီး ပြန်လက်ခံမှာ ဖြစ်ကြောင်း ပြောထားပေမယ့် အခုထိ မလုပ်ဆောင်နိုင်သေးပါဘူး။

ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ဦးတည်ပြီး ဖေဖေါ်ဝါရီလမှာ စက်လှေနဲ့ ထွက်လာတုန်းက ရိုဟင်ဂျာ အယောက် ၉၀ ပါပေမယ့် ၉ ယောက် သေဆုံးသွားခဲ့ပြီး အခု ၈၁ ယောက်သာ အသက်ရှင်ကျန်ရစ်တာပါ။ အိန္ဒိယရေပြင်မှာ စက်ပျက်သွားစဉ်က အိန္ဒိယစစ်တပ်က ကယ်ဆယ်ခဲ့ပေမယ့် ကမ်းပေါ်တက်ခွင့်မရပဲ ဆက်ထွက်လာရတာ ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှာတော့ အင်ဒိုနီးရှားနိုင်ငံ အရှေ့ Aceh ဒေသ ကို ရောက်လာတာဖြစ်ပါတယ်။

ပင်လယ်ပြင်ထဲ ၄ လလောက် နေခဲ့ရတဲ့သူတို့နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား အစိုးရဘက်ကတော့ တစုံတရာ ပြောကြားတာ မရှိသေးပါဘူး။ အခုထပ်ရောက်လာသူတွေနဲ့ ပါဆို မီဒန်မြို့မှာ ရိုဟင်ဂျာ ဒုက္ခသည်က ၃၄၂ ယောက် ကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)








XS
SM
MD
LG