ဘင်္ဂလားဒေ့ရှ်မှာ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်း-လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ပြီး မြေပြိုကျ ရေလွှမ်းမိုးမှုတွေဖြစ်နေလို့ သိန်းချီရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ လူသေဆုံး တဲ့အထိ ကြုံတွေ့နေရပြီး နေစရာ စားစရာနဲ့သောက်သုံးရေ အတော်လေးကို အခက်ခဲဖြစ် နေကြတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ နာမကျမ်းဖြစ်သူတွေ ကလေးငယ်တွေ အပါအဝင် ဒုက္ခသည်တွေကို ယာယီခိုလှုံရေးစခန်းတွေကို အရေးပေါ်ရွှေ့ပြောင်းပေးနေပြီး ဒုက္ခသည်စခန်း တာဝန်ရှိသူတွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလနဲ့ နိုင်ငံတကာကူညီပေးရေး အဖွဲ့အစည်းတွေဘက်ကတော့ အရေးပေါ်စားနပ်ရိက္ခာတွေ မပြတ်တောက်ဖို့၊ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို အလျှင်အမြန် ကူညီဆောင်ရွက်ပေးနေကြတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က စုစည်းတင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကနေစလို့ ရက်ဆက်တိုက်ဆိုသလို မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေလွှမ်းမိုးပြီး မြေပြိုကျမှုတွေဖြစ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေ ရာသီဥတုဆိုးဝါးတဲ့ဒဏ်ကို အလူးအလဲခံနေရပါတယ်။ မြန်မာပြည်ဘက်က တိမ်းရှောင်လာကြတဲ့ ဒုက္ခသည် ၉သိန်း ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ယာယီ ဒုက္ခသည်စခန်းတွေထဲက အနည်းဆုံး ခိုလှုံရေးစင်တာ၂၇၃ ပျက်စီးသွားပြီး ဒဏ်ရာရသူက ၁၁ဦးအထိရှိနေ ပြီး လူထောင်ချီ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ ကုလသမဂ္ဂကလည်း အရေးပေါ်သတင်း ထုတ်ပြန်ထားပါတယ်။
စခန်းတွေထဲ ဒုက္ခသည်တွေကို နေရာချပေးထားတဲ့ မြေကမူတွေ တောင်ကုန်းတွေပေါ်မှာ ယာယီတဲလေးတွေ တည်ဆောက်ထားတဲ့ ဒုက္ခသည်တွေရဲ့ တဲတချို့ မိုးဆက်တိုက် သည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်း မုန်တိုင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသလို မြေပြိုကျမှုတွေဖြစ်နေလို့ အသက်(၅၀)အရွယ် အမျိုးသမီးသေဆုံးခဲ့ပြီး ရေနစ်သေဆုံးနိုင်ခြေရှိတာကြောင့် အရေးပေါ်ပြောင်းရွှေ့နေရတဲ့ ဒုက္ခသည်တွေအတွက် အတော်လေး စိုးရိမ်စရာအခြေအနေဖြစ်လာနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။
လက်ရှိရာသီဥတုအခြေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေထဲ ဒုက္ခသည်တွေ ရင်ဆိုင်နေကြရတဲ့ အခက်အခဲကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားအနီးက ဘာလုခါလီဒုက္ခသည်စခန်း နေ ရိုဟင်ဂျာဒုက္ခသည်ကိုအီစလံက ပြောပြပါတယ်။
“ကော့ဇ်ဘဇားခရိုင်မှာ ရှိနေတဲ့ ဒုက္ခသည်စခန်းတိုင်းမှာ မြေပြိုကျမှုကြောင့် နောက် ရေလွှမ်းမိုးမှုဒဏ်ကြောင့် ဒုက္ခသည်တွေရဲ့ တဲအိမ်တွေ တော်တော်များများ ပျက်စီးသွားတဲ့ဒဏ် ခံရတယ်။ ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုကြောင့် ဒုက္ခသည်အမျိုးသမီးတယောက် သေဆုံးတာကို ကြားရပါတယ်။ ကျနော်တို့ ဘာလုခါလီအနောက်တောင်ဘက် နောက်ပြီး ကုတုပလောင်အနောက်ဘက်မှာ ဒုက္ခသည်စခန်းတွေရှိတယ်။ အဲဒီ ဒုက္ခသည်စခန်းတွေမှာ မြေပြိုမှု ရေလွှမ်းမိုးမှုတွေတော်တော်လေးဖြစ်ခဲ့တယ်။ ဇူလိုင်လ ၁ ရက်နေ့ကနေ မနေ့ကအထိ မိုးအဆက်မပျက်ရွာ သွန်းမှုကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ NGO အဖွဲ့အစည်းတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတာတွေ့ရတယ်။ ဒါပေမယ့်တချို့နေရာမှာကတော့ ကယ်ဆယ်ရေးအပိုင်းတွေ မရှိတာကို တွေ့နေရပါတယ်။”
လတ်တလော ဒုက္ခသည်တွေကို အရေးပေါ်ရွှေ့ပြောင်းပေးနေပြီး မိုးဒဏ်လေဒဏ်ခံနိုင်အောင် ခိုင်ခံတဲ့အဆောက်အဦးတွေ အမိုး အကာတွေ အရေးတကြီး လိုအပ်နေတယ်လို့ ယာယီစာသင်ခန်းဆောင်မှာ ပြောင်းရွှေ့နေထိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဇန်တော်လီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးမောင်ကျော်မြင့်ကလည်း လက်ရှိအခြေအနေကို ပြောပြပါတယ်။
“ ကျနော်တို့ ဇန်တော်လီ ဒုက္ခသည်စခန်းမှာ မြေပြိုတာတို့ ဒုက္ခသည်စခန်းပြိုကျတာတို့ကတော့ အများကြီးပေါ့။ ဒုက္ခသည် ရိုဟင်ဂျာတွေ အများကြီး ဒုက္ခရောက်နေတယ်။ အခက်အခဲတွေ့ကြုံနေတယ်။
အခု စာသင်ကျောင်း (Learning center ) တွေထဲမှာ ခိုလုံနေတယ်။ အခုစားဝတ်နေရေးလည်း အခက်အခဲဖြစ်နေပါတယ်ခင်ဗျ။”
မေး။ ။ အဲဒီတော့ camp တာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကရော ဘာများဆောင်ရွက်ပေးနေပါသလဲ။ အရေးပေါ်ဆောင်ရွက်ပေးတာတွေပေါ့နော်။
ဖြေ။ ။ဟုတ်ကဲ့ပါ အခုအဓိကတော့ NGO တွေက အခု စာသင်ကျောင်းမှာ ခိုလုံနေတဲ့ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားဖို့ အစီအစဉ်လုပ်နေတယ်။ စားဝတ်နေရေးအတွက် ဆန်တွေဘာတွေပေးထားတာရှိသေးတယ်။ ဒါပေမယ့်အဲဒါက မလုံလောက်ပါဘူး။ ကျန်းမာရေးအခြေအနေကလည်း တော်တော်ဆိုးဝါးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးဝါးတွေ ဘာမှမရှိတော့ဘူး။”
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား No-man land လို့ခေါ်တဲ့ နယ်စပ်မျဉ်း ဇီးရိုးဇုန်မှာ ရေလွှမ်းမိုးပြီး လေပြင်းမုန်တိုင်း ဒဏ်ခံနေရတဲ့ အတွက် အဲ့နယ်စပ်မျဉ်းမှာ နေထိုင်နေတဲ့ ဒုက္ခသည် ငါးထောင်လောက်ဟာလည်း လတ်တလော နေစရာ အခက်အခဲနဲ့ စားနပ်ရိက္ခာ အခက်အခဲ အတော်လေး တွေ့ကြရတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ဦးအီစလံကပြောပြပါတယ်။
“အထူးသဖြင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် Zero line မှာရှိနေတဲ့ ဒုက္ခသည်တွေက ရေလွှမ်းမိုးမှုဒဏ်ကြောင့် ရက်အနည်းငယ် ၃-၄ ရက်လောက် ရေမြုပ်ပြီးတော့ ဒုက္ခရောက်နေတယ်။ အဲဒီ ဒုက္ခသည်တွေက အစားအသောက်မရရှိတာတွေရယ်၊ နောက် ရိက္ခာတွေ မရရှိတာရယ်၊ အထူးသဖြင့် ပြောမယ်ဆိုရင် Zero line မှာရှိနေတဲ့ ဒုက္ခသည်တွေစခန်းကို နိုင်ငံတကာအဖွဲ့အစည်း ICRC ကနေ အကူအညီထောက်ပံ့ဖို့ အရေးကြီးပါတယ်ခင်ဗျ။ အစိုးရပိုင်းကတော့ အားနည်းနေတယ်လို့ ကျနော်တွေ့ရပါတယ်။ ကျနော်တို့က အဆင်မပြေဘူး စခန်းမှာပဲနေရတယ်။ ဒါပေမယ့် ကျနော်တို့မျှော်လင့်နေတာကတော့ ပြန်လာရေးအတွက် အများကြီးမျှော်လင့်နေပါတယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်ကတော့ အခုလို အခက်အခဲတွေကြုံနေရချိန်မှာ မိမိတို့ရဲ့ မူရင်းနေရာကိုပဲ ပြန်လိုကြတယ်လို့လည်း ပြောပါတယ်။ နိုင်ငံတကာက သုံးနေတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးကိုတော့ အသိအမှတ်မပြုထားတဲ့ မြန်မာအစိုးရကတော့ ဒီ ဒုက္ခသည်တွေကို စီစစ်ပြီး မြန်မာနိုင်ငံက ပြန်လည်လက်ခံ ခေါ်ယူဖို့စီစဉ်နေတယ်လို့ ပြောဆိုထားတာပါ။
အခုလတ်တလောအခြေအနေမှာတော့ ဘင်္ဂလားဒေရှ့်ရဲ့ ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာ Mohammad Abul Kalam ကတော့ အရေးပေါ် ပြင်ဆင်မှုတွေ ဆောင်ရွက်ထားကြောင်း မနေ့တနင်္ဂနွေနေ့မှာ ပြောဆိုထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေထဲမှာတော့ ကုလသမဂ္ဂအပါအဝင် ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နိုင်ငံတကာINGOအဖွဲ့အစည်းတွေရဲ့ အကူညီ၊ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့၊ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ဒုက္ခသည်တွေကို မြေပြိုကျမှုအန္တရာယ်ရှိတဲ့နေရာတွေကနေ အရေးပေါ်ရွှေ့ပြောင်းပေးနေကြပါတယ်။
တချိန်တည်းမှာပဲ ဒုက္ခသည်တွေအတွက် နေ့စဉ်ပေးပို့နေတဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးထောက်ပံ့မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့နိုင်အောင် ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးတွေ ဆက်သွယ်မှုလမ်းကြောင်း ပြတ်တောက်မှုမဖြစ်အောင် စခန်းတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ဒုက္ခသည်တွေက ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။