သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး မြန်မာကို ဖိအားပေးဖို့ ကန်တိုက်တွန်း


ရိုဟင်ဂျာ ဒုက္ခသည်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ရင်းလုံခြုံစိတ်ချစွာ ပြန်နိုင်ရေးအတွက် မြန်မာအစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ဝိုင်းဝန်းဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ တောင်နဲ့ အလယ်အာရှရေးရာ အမေရိကန်ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alice G. Wells ကပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ၂ နှစ်အတွင်း နေရပ်ပြန်ရေးအတွက်အစီအစဉ် သဘောတူညီချက် ကို ဒီနှစ်ဆန်း ဇန်နဝါရီလထဲမှာ ဘင်္ဂလားဒေ့ရှ် မြန်မာ ၂ နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့် အခုထိ အကောင်ထည် မဖေါ်နိုင်သေးပါဘူး။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်ကို နောက်ထပ်ထွက်ပြေးလာသူတွေလည်း ရှိနေတာပါ။

ဒါ့ကြောင့် ဒီကိစ္စကို မြန်မာဘက်က သေသေချာချာ ကိုင်တွယ်လာအောင် နိုင်ငံတကာက ဝိုင်းပြီး ဖိအားပေးကြဖို့ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို တနင်္လာနေ့မှာ သွားရောက်ခဲ့တဲ့ တောင်နဲ့ အလယ်အာရှရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alice G. Wells က တိုက်တွန်းလိုက်ပါတယ်။

"ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ အခုထိဆက်ပြီး ထွက်ပြေးလာနေတာကို ကျမတို့ တွေ့နေရပါတယ်။ ဒါကိုကြည့်ရင် နေရပ်ရင်း ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး အလုပ်မဖြစ်သေးဘူး ဆိုတာကို ပြနေပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေရဲ့ ရပိုင်ခွင့်တွေကို အသိမှတ်ပြုဖို့နဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေ၊ ငြိမ်းချမ်း လုံခြုံစွာနေနိုင်ဖို့တွေ လုပ်ဆောင်ပေးရမယ့် အစိုးရရဲ့ တာဝန်ကိုယူလာစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးက ဆက်ပြီးဖိအားပေးဖို့ လိုအပ်တယ်လို့ ကျမထင်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အောက်တိုဘာလ ၂၀ ကနေ ၂၃ ရက်နေ့အထိ သွားရောက်နေတဲ့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alice G. Wells ရဲ့ ခရီးစဉ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဒီဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်နိုင်ရေး ကြိုးပမ်းနေမှုတွေ အတွက် ကျေးဇူးတင်ကြောင်းနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက ခိုင်ခိုင်မာမာ ထောက်ခံကြောင်း ပြောပါတယ်။

“ရိုဟင်ဂျာတွေ နေရပ်ရင်းကို ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချစွာ ပြန်ခွင့်ရရေးအတွက် အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာ ထောက်ခံပါတယ်။ ဒါ့အပြင် သူတို့တွေ နိုင်ငံသားဖြစ်ခွင့်ရပြီး သူတို့ နေရပ်ရင်း မြန်မာနိုင်ငံမှာ ကောင်းကောင်းမွန်မွန် နေခွင့်ရဖို့ လိုပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ရင်းကို ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချစွာ ပြန်နိုင်ရေး အတွက် နည်းလမ်းတွေ ရှာနေချိန်မှာ ကျမတို့က ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့အတူ ရိုဟင်ဂျာတွေ အတွက်ရပ်တည်ဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေ စွန့်ခွါထွက်ပြေးလာတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သူတို့ပြန်တဲ့အချိန်ကျရင် ကောင်းမွန်တဲ့ ဝန်းကျင်နဲ့ အခြေအနေတွေရှိလာအောင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ပါဝင်မှုတွေ ကူညီမှုတွေကို ခွင့်ပြုဖို့ မြန်မာအစိုးရနဲ့ တိုက်ရိုက်တွေ့ဆုံပြီး လုပ်ဆောင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ လုပ်ရပ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။”

အောက်တိုဘာလ ၁၈ ရက်ကနေ ၂၀ ရက်အထိ Belgium နိုင်ငံ Brussels မှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် ASEM အာရှ ဥရောပ ၅၁ နိုင်ငံရဲ့ ထိပ်သီး အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali က ရိုဟင်ဂျာဒုက္ခသည် တွေထဲက ရှစ်ထောင်ကို မကြာခင်မှာ မြန်မာနိုင်ငံဘက်ကို ပြန်ပို့နိုင်မယ်လို့ မျှော်လင့်ကြောင်း သောကြာနေ့က ပြောပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က ပေးအပ်တဲ့စာရင်းတွေဟာ ပြည့်စုံမှု မရှိကြောင်းနဲ့ လောလောဆယ်မှာ ငါးထောင်ကိုသာ စိစစ်နိုင်သေး ကြောင်း အကြောင်းပြန်ထားတယ်လို့ မြန်မာအစိုးရတာဝန်ရှိသူတဦးက VOA ကိုပြောကြားခဲ့တာပါ။

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ဆွေးနွေးမှုတွေ ရှိနေပေမယ့် အခုလို မပြေလည်မှုတွေ ဆက်ပြီးရှိနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာအစိုးရနဲ့ ဆက်လက် ထိတွေ့ဆက်ဆံပြီး ရိုဟင်ဂျာတွေ နေရပ်ရင်း ပြန်နိုင်ရေးအတွက် ဘာတွေ လိုအပ်နေတယ်ဆိုတာ သိရအောင် လုပ်ဖို့ လိုအပ်တယ်လို့လည်း အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alice Wells ကထောက်ပြပါတယ်။

“ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာ ရှိရှိနဲ့ နေရပ်ရင်းပြန်နိုင်အောင် လုပ်ဖို့ ဘာတွေ လိုအပ်တယ်ဆိုတာကို သိရအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရနဲ့ ဆက်လက်ပြီး ထိတွေ့ဆက်ဆံဖို့ လိုတယ်လို့ ကျမထင်ပါတယ်။ ဒီခြေလှမ်းတွေကို မြန်မာအစိုးရက မယူဘူး ဆိုရင် ခုလိုမယူတဲ့အတွက် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ထောက်ပြနိုင်မယ့် နည်းလမ်းတွေကို ကျမတို့အစိုးရက ဆက်လက်ရှာဖွေသွားမှာ ဖြစ်ပါတယ်။”

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရက ကုလသမဂ္ဂအဖွဲ့ ၂ ခုဖြစ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP တို့နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတာပါ။ ဒီ ၂ ဖွဲ့က တာဝန်ရှိသူတွေဟာ ဘူးသီးတောင်နဲ့ မောင်တောက ကျေးရွာ ၂၃ ရွာကို စက်တင်ဘာလမှာတကြိမ် အောက်တိုဘာလဆန်းမှာတကြိမ် သွားရောက်ဆန်းစစ်ခဲ့ကြ တာဖြစ်ပြီး ရခိုင်မြောက်ပိုင်းက ဒီဒေသတွေမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပေမယ့် တချို့လူမှု အသိုင်းဝိုင်းတွေ ကြားမှာတော့ တိုးတက်မှုတွေ ရှိတာ တွေ့လာရကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီလကုန်မှာတော့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သွားရောက်ပြီး ဒုက္ခသည်တွေ စီစစ်လက်ခံရေး ကိစ္စကို အသေးစိတ် ဆွေးနွေးဖို့ရှိတယ်လို့လည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG