သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နယ်စပ်မျဉ်းပေါ်က မွတ်ဆလင်ဒုက္ခသည်များ ပြန်ရေး(၃)ချက် တောင်းဆို


ပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာသမားများ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီးသို့ သွားရောက်သတင်းရယူ (ဓါတ်ပုံ- MOI)

မြန်မာ-ဘင်္ဂလားဒေရှ်နယ်စပ်မျဉ်းပေါ်က ထောင်ဂဏန်းရှိတဲ့ ဒုက္ခသည်တွေဟာ မြစ်ချောင်းဘေး ရွက်ဖျက်တဲတွေ ထိုးနေကြတာကြောင့် မိုးတွင်းမှာ အခက်အခဲတွေဖြစ် လာနိုင်တယ်လို့ အဲဒီကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့တဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

ဗွီအိုအေသတင်းထောက် ကိုမိုးဇော် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ သတင်းပေးပို့နေစဉ် (ဧပြီလ ၂၅၊ ၂၀၁၈) ဓါတ်ပုံ- MOI
ဗွီအိုအေသတင်းထောက် ကိုမိုးဇော် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ သတင်းပေးပို့နေစဉ် (ဧပြီလ ၂၅၊ ၂၀၁၈) ဓါတ်ပုံ- MOI

သူတို့မူရင်းနေရပ်ရင်းပြန်ခွင့်အပါအ၀င် တောင်းဆိုချက် သုံးချက်ရရင် ပြန်မယ်လို့ အဲဒီ ဒုက္ခသည်တွေက ပြောပြကြပါတယ်။ နယ်စပ်မျဉ်းပေါ်မှာရှိတဲ့ ဒုက္ခသည်တွေရှိရာကို ဒီကနေ့မှာ ကိုယ်တိုင်ရောက်ပြီး တွေ့ဆုံမေးမြန်းတာတွေ လုပ်ခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုမိုးဇော်။ ။ မြန်မာနိုင်ငံဘက်က သံဆူးကြိုးခတ်ထားတဲ့နေရာနဲ့ နယ်စပ်ချောင်းနဲ့ ကြားက ပေ (၅၀) လောက်ရှိတဲ့ သံဆူးကြိုးရဲ့ အပြင်ဘက်နေရာမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကို တွေ့ပါတယ်။ အဲဒီမှာ ကျနော်တို့ မေးမြန်းကြည့်တဲ့အခါမှာ သူတို့ကတော့ လူဦးရေ (၆၀၀၀) လောက်ရှိတယ်လို့ ကျနော်တို့ကို ပြောပါတယ်။ အနားမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးကတာဝန်ရှိသူတွေကိုလည်း မေးမြန်းစုံစမ်းကြည့်တဲ့အခါမှာ သူတို့ကတော့ လူဦးရေ ၂၀၀၀ သို့မဟုတ် ၃၀၀၀ လောက်ပဲရှိမယ်လို့ ခန့်မှန်းကြပါတယ်။ မပြန်ပဲနဲ့ အဲဒီမှာ နေနေရတဲ့ အဓိက အကြောင်းရင်းကတော့ မြန်မာဘက်မှာရှိတဲ့ ယာယီဒုက္ခသည်စခန်းမှာ မနေချင်ဘူး၊ သူတို့ရဲ့ နေရပ်ရင်းကို တိုက်ရိုက်ပြန်ချင်တယ်လို့ ပြောပါတယ်။ ၂၀၁၁ခုနှစ်မှာ ဖြစ်ခဲ့တုန်းကဆိုရင် သူတို့ကို IDP စခန်းတွေမှာ ထားတုန်းကဆိုရင် နှစ်နဲ့ချီပြီကြာခဲ့တယ်ပေါ့နော်။ လေး၊ ငါး၊ ခြောက်နှစ်လောက် အဲဒီစခန်းထဲမှာ နေခဲ့ကြရတဲ့ အနေအထားမျိုးတွေ သူတို့တွေ့ခဲ့ကြရတဲ့အတွက်ကြောင့် အဲဒီကို မ၀င်ချင်ဘူးဆိုတဲ့ သဘောမျိုး ပြောပါတယ် ခင်ဗျ။

နောက်တခုကတော့ NVC နိုင်ငံသားစိစစ်ရေးကဒ် လုပ်ပေးမယ့် လုပ်ငန်းအစီအစဉ်တွေအပေါ်မှာ အယုံအကြည်မရှိဘူး။ သူတို့မှာ အရင်ကတည်းက အချက်အလက် အထောက်အထားတွေ ရှိပြီးသာ။ တချို့ဆိုလို့ရှိရင်လည်း နိုင်ငံသား စိစစ်ရေးကဒ်ပြားရှိပြီးသား လို့ပြောတယ်။ အဲတော့ ထပ်ပြီး စိစစ်တာလက်မခံတော့ဘူးလို့ ပြောတယ်။ အဲဒီအချိန်မှာ ကျနော်တို့ကမေးပါတယ်။ ခင်ဗျားတို့အနေနဲ့ မပြန်ဘူးဆိုတာ ခင်ဗျားတို့အားလုံးမှာ ဒီဘက်မှာကပြောနေတာက တချို့တွေက တဖက်နိုင်ငံကနေ ၀င်လာတဲ့လူတွေရှိနေတယ်၊ ကြားနေရတယ်လို့ မေးပါတယ်။ သူတို့ကတော့ အဲဒီအထောက်အထားတွေ အားလုံး သူတို့မှာရှိပါတယ်ဆိုတဲ့ သဘောမျိုး ပြောတယ်ဗျ။

နောက်တချက်က လုံခြုံရေးနဲ့ ပတ်သက်လို့ အာမခံချက်ကိုဖြည့်ဆည်းပေးဖို့ သူတို့ဘက်ကလိုလားတယ်။ သူတို့ မြန်မာပြည်ကို ပြန်တယ်ဆိုလို့ရှိရင် လုံခြုံရေးအာမခံချက် ပြည့်ပြည့်၀၀မရှိဘူးလို့ သူတို့ မြင်တဲ့အတွက်ကြောင့် ဒီနေရာမှာပဲ သူတို့နေနေရတယ်ဆိုပြီး အချက် သုံးချက်ကို ပြောပါတယ်။

ကိုသားညွန့်ဦး။ ။ သူတို့မှာ နေရတဲ့ အခြေအနေပေါ့။ စားရေး၊ သောက်ရေး၊ အကူအညီရရှိရေး ဘယ်လိုများ တွေ့ခဲ့ရလဲခင်ဗျ။

ကိုမိုးဇော်။ ။ အဓိကကတော့ အဲဒီနေရာတွေမှာ ရွက်ဖျင်တဲတွေ ထိုးပြီး နေထိုင်ကြပါတယ်။ သူတို့တွေကိုကြတော့ ICRC ကနေပြီးတော့မှ ရိက္ခာထုတ်ပေးတယ်လို့ သိရပါတယ်။ အခုလောလောဆယ်ကတော့ မိုးကျလာပြီဆိုရင် အဲဒီနေရာမှာ နေထိုင်ဖို့ အခက်အခဲရှိပါတယ်။ ချောင်းဘေးမှာလည်း ဖြစ်နေတယ်ဆိုတော့ မိုးတွင်းမှာတော့ အခက်အခဲရှိမယ်။ အဲတော့ ခင်ဗျားတို့ဘယ်လိုဆက်ပြီးရပ်တည်မလဲ၊ မိုးတွင်းမှာဆိုရင်လို့ မေးတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အနေနဲ့ကတော့ ဒီမှာပဲ ဆက်နေသွားမယ်။ သူတို့ တောင်းဆိုချက်တွေ၊ လိုလားချက်တွေကို ညှိုနှိုင်းပေးစေချင်တဲ့ သဘောမျိုး သူတို့ဘက်ကပြောပါတယ်။

ကိုသားညွန့်ဦး။ ။ သူတို့ရဲ့ လိုလားချက်တွေနဲ့ ပတ်သက်လို့ ကိုမိုးဇော်တို့ကို အာဏာပိုင်တွေဘက်က ဘာများပြန်ပြောသေးလဲ။

ကိုမိုးဇော်။ ။ အာဏာပိုင်တွေက အရင်ရက်တွေကတည်းက ပြောပြီးသာပါ။ အခုလုပ်နေတဲ့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်းပဲ အာဏာပိုင်တွေဘက်က ဆောင်ရွက်မယ်ပေါ့။ ပြန်လာမယ့်သူတွေအားလုံးကို ရေကြောင်းကလာမယ်ဆိုရင် ငါးခူးရ၊ ကုန်ကြောင်းကလာမယ်ဆိုရင် တောင်ပြိုလက်ဝဲကနေ လက်ခံမယ်။ ပြီးတော့ စိစစ်ပြီးတော့မှ ပြန်လည်နေရာချထားမယ်ဆိုတဲ့သဘောတွေကို ကျနော်တို့ မေးမြန်းတဲ့အခါမှာ ပြောပါတယ်ခင်ဗျ။ နောက် NVC လုပ်ငန်းစဉ်ကလည်း အဲဒီထဲမှာ အကြုံးဝင်ပြီးတော့မှ သူတို့ကို အမြန်ဆုံးလုပ်ဆောင်ပေးမယ် လို့ ကျနော်တို့ကို ပြောပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဟိုးတလောတုန်းက မြန်မာအစိုးရကနေပြီး နယ်စပ်မျဉ်းပေါ်မှာ နေနေတဲ့သူတွေကို လက်မခံဘူး။ ထွက်သွားပါဆိုပြီး နယ်စပ်မှာ နဲနဲ တင်းမာမှုအနည်းငယ်ဖြစ်တယ်။ ဟိုဘက် ဘင်္ဂလားဒေ့ရှ်ကရော တပ်တွေလာချထားတာ။ အခု အဲဒီအခြေအနေ ဘယ်လိုရှိလဲ။

ကိုမိုးဇော်။ ။ အခုလောလောဆယ်အခြေအနေကတော့ မေးမြန်းကြည့်သလောက်ဆိုရင် အဲဒီ နယ်စပ် တလျောက်လုံးက မြန်မာအစိုးရဘက်က နယ်ခြားစောင့်ရဲနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က နယ်ခြားစောင့်ရဲ တွေ ပူးတွဲပြီးတော့မှ ကင်းလှည့်တာတွေရှိတယ်။ လောလောဆယ်ကတော့ နှစ်ဘက် တင်းမာတဲ့အနေအထားတော့မတွေ့ရဘူး။

ကိုသားညွန့်ဦး။ ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေ ပူးပေါင်းစီစဉ်နေတာက ဘင်္ဂလားဒေ့ရှ်ကလည်း စိစစ်ပြီး ပို့မယ်၊ မြန်မာအစိုးရကလည်း လက်ခံမယ်၊ အစီအစဉ်တွေလုပ်ထားတယ်။ ဒါပေမယ့် အဲဒီနယ်စပ်မျဉ်းပေါ်မှာရှိနေတဲ့ လူတွေက အဲဒီ အစီအစဉ်မှာ အကြုံးဝင်ပါ့မလား။

ကိုမိုးဇော်။ ။ နောက်ဆုံးဝင်လာတဲ့ လူ (၅)ယောက် မိသားစု တစုကိုတော့ မြန်မာဘက်က လက်ခံထားတာရှိတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သတင်းတွေထဲမှာဆိုရင် ဒီဟာက နှစ်နိုင်ငံ သဘောတူညီချက်အစီအစဉ်နဲ့ လုပ်တာမဟုတ်ဘူး ဆိုတာမျိုးပြောတာရှိတယ်။ မြန်မာအစိုးရဘက်ကတော့ ဒီနယ်စပ်မျဉ်းကနေ ၀င်လာမယ့်သူရှိလည်း လက်ခံနေတဲ့ အနေအထားမျိုးရှိပါတယ်။ တချို့ကြားသိရတဲ့ သတင်းတွေအရဆိုရင် တချို့တွေဆိုရင်လည်း အာဏာပိုင်တွေကို သတင်းမပို့ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ဝင်လာတဲ့သူတွေလည်းရှိနေတယ်ဆိုတာမျိုးလည်း ကြားရပါတယ်ခင်ဗျ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG