သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အသင့်မဖြစ်သေး (ဒုက္ခသည်ဆိုင်ရာ ကန်လက်ထောက်ဝန်ကြီး)


ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်း
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်း

အခုအချိန်ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ဘေးကင်းလုံခြုံစွာ ပြန်ပို့နိုင်တဲ့ အခြေအနေ မဟုတ်သေးတဲ့အကြောင်းနဲ့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ သူတို့ နေထိုင်နေရတဲ့ အခြေအနေကို ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်ဖို့လိုတဲ့အကြောင်း အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေး၊ လူဦးရေနဲ့ ဒုက္ခသည်များဆိုင်ရာ လက်ထောက်ဝန်ကြီး Julieta Valls Noyes က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Peter Haas နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေး ဆွေးနွေးတဲ့အကြောင်း ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း တွစ်တာ လူမှုကွန်ယက်မှာ ရေးသားထားတာကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးတွေက မနေ့က ပြန်လည်ဖေါ်ပြပါတယ်။ လက်ထောက်ဝန်ကြီး Julieta Valls Noyes ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်တွေထဲက ၁၀၀၀ ကျော်ကို နေရပ်ပြန်လက်ခံဖို့ စီစဉ်နေတဲ့အကြောင်း မြန်မာစစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ အတင်းအကြပ် ခြိမ်းခြောက်တာ၊ လိမ်ညာ လှည့်ဖျားတာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေတာကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်တဲ့အကြောင်း ပြောဆိုနေကြပါတယ်။

မြန်မာစစ်တပ်ဘက်က ရိုဟင်ဂျာဆိုတဲ့ နာမည်ကို အသိအမှတ်မပြုသလို ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ ရပိုင်ခွင့်တွေကို အာမခံချက် မရှိတဲ့အကြောင်း ထောက်ပြနေကြတာပါ။ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ သဘောထားနဲ့ ဒုက္ခသည် တွေရဲ့ အခြေအနေတွေကို စစ်ကောင်စီဘက်က အလေးထားတာမျိုး မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကိုယ်တိုင် ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG