သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာရေးရာ ကော်မတီ OIC ဖွဲ့စည်း


OIC အထူးကော်မတီတရပ်ဖွဲ့စည်း (Organization of Islamic Cooperation)
OIC အထူးကော်မတီတရပ်ဖွဲ့စည်း (Organization of Islamic Cooperation)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပတဲ့ OIC အစ္စလာမ်မစ်နိုင်ငံတွေရဲ့ ၂ ရက်ကြာအစည်းအဝေးကနေ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းပြေလျော့အောင် ဆောင်ရွက်ရေး အထူးကော်မတီတရပ်ဖွဲ့စည်းဖို့ သဘောတူလိုက်ပါတယ်။ ဒီလိုလုပ်ဆောင်ရေးဟာ သိပ်ကို အရေးပါကြောင်းလည်းOIC အကြီးအကဲက ပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။

OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သံတမန်တွေ တက်ရောက်ခဲ့ကြတဲ့ အဲဒီညီလာခံမှာ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို အရေးယူဖို့အတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေရအောင် စည်းရုံးမယ့် ကော်တီတရပ်ကို ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ မနေ့ တနင်္ဂနွေနေ့က ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒါဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင် ၇၀၀, ၀၀၀ လောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ကြီးမားလှတဲ့ ပြဿနာကို အဆုံးသတ်စေဖို့ အဓိက အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း OIC အတွင်းရေးမှူးချုပ် Yousef bin Ahmed Al-Othaimeen က ခေါ်ဆိုခဲ့ပါတယ်။

"ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှု၊ တာဝန်ယူှုမှုရှိအောင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နိုင်ငံရေးအရ ထောက်ခံအားပေးမှုနဲ့ ပူးပေါင်းပြီး ဆောင်ရွက်မယ့် အထူးကော်မတီတရပ်ကို ဖွဲ့စည်းဖို့ ဒါကာ ညီလာခံကနေ သဘောတူလိုက်ပါပြီ။ ဒါဟာ ရိုဟင်ဂျာ ပြဿနာ ပြေလျော့စေဖို့ ခိုင်မာတဲ့ ခြေလှမ်းရပ်တွေထဲက တခုဖြစ်ပြီး ဒါဟာ သိပ်ကိုအရေးပါပါတယ်။"

အခုလို မွတ်စလင်နိုင်ငံတွေအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို မဖြစ်မနေဖိအားပေးရတာဟာ ဘာသာရေးအရမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကတည်းက ခံစားလာရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ အခြေခံလူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် ဖြစ်တယ်လို့ လည်း Al-Othaimeen ကပြောပါတယ်။

ဒါကာညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းမယ့် အထူးကော်မတီမှာ Gambia နိုင်ငံဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါဝင်မှာဖြစ်ပါတယ်။ အဲဒီကော်မတီအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့ မူတွေကို ဆိုးဆိုးရွားရွားချိုးဖောက်မှုအတွက် တာဝန်ခံမှုနဲ့ တရားစီရင်နိုင်ဖို့ သေချာအောင် ချိတ်ဆက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း အဲဒီကော်မတီအနေနဲ့ အထောက်အထား သတင်းအချက်အလက်တွေကို စုဆောင်းသွားမှာဖြစ်သလို ကုလသမဂ္ဂနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ညီလာခံအပြီး ထုတ်ပြန်တဲ့ ဒါကာ ကြေညာစာတမ်းမှာဖေါ်ပြထားပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ အတင်းအဓမ္မပြုကျင့်ခံရမှု စွပ်စွဲချက်တွေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံး အနေနဲ့ စုံစမ်းစစ်ဆေးနိုင်ရေး ဆုံးဖြတ်ချက်ချဖို့ ICC ရှေ့နေချုပ် ကိုယ်တိုင်လည်း မေတ္တာရပ်ခံထားတာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေ လုံလုံခြုံခြုံနဲ့ နေရပ်ပြန်နိုင်ရေး မြန်မာကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သံတမန်ရေးအရ အကြီးအကျယ် ကြိုးပမ်းအားထုတ်နေတာဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ OIC ညီလာခံမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmud Ali က အခုလို ပြောသွားပါတယ်။

"ဒုက္ခသည် တသန်းလောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ပြဿနာကို အင်မတန်မှစိုးရိမ်မကင်းဖြစ်ကြောင်း ကိုယ်စားလှယ်အဖွဲ့အသီးသီးက တညီတညွတ်တည်း ထုတ်ဖေါ်ခဲ့ကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံထားတဲ့အတွက် ကိုယ်စားလှယ်အဖွဲ့တွေက အလွန်ပဲကျေးဇူးတင်ကြောင်း ပြသခဲ့တဲ့အပြင် မြန်မာအစိုးရကို ပြင်းပြင်းထန်ထန်အရေးယူဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။"

ဒုက္ခသည်တွေ နေရပ်ပြန်ရေး ၂၀၁၇ခုနှစ် နိုဝင်ဘာလကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခဲ့ပေမယ့် အခုချိန်ထိ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိနေတဲ့ ဒုက္ခသည်တွေ မပြန်နိုင်ကြသေးပါဘူး။

ဒါကြောင့်လည်း ဒီကိစ္စကို နိုင်ငံတကာအနေနဲ့ မဖြစ်မနေပါဝင်ဆောင်ရွက်ဖို့ ညီလာခံတက်ရောက်လာတဲ့ Arakan Rohingya Union အမှုဆောင်ညွန်ကြားရေးမှူးချုပ် Dr. Walker Uddin က အခုလိုပြောသွားပါတယ်။

"နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မဖြစ်မနေပါဝင်ရတဲ့ အကြောင်းအရင်းဟာ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံမှုရှိဖို့အတွက် ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအတွက် နေရေးထိုင်ရေး လုပ်ပေးမယ်ဆိုပေမယ့် ရခိုင်ပြည်နယ်ကို ပြန်သွားမယ့်သူတွေအနေနဲ့ အရင်ကလို အခြေအနေမျိုး ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ သိထားလို့။"

ပြီးခဲ့တဲ့ လကုန်ပိုင်းက ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှု့ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်အဖွဲ့ကတော့ ရိုဟင်ဂျာတွေ လုံလုံခြုံခြုံနေရပ်ပြန်နိုင်ရေးနဲ့ သူတို့အပေါ် ခွဲခြားဆက်ဆံမှုတွေကို အဆုံးသတ်ရေး မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကလည်း ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အတွက် အသင့်ပြင်ထားပြီးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG