သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံကို OIC ဆက်လက်ဖိအားပေးမည်


ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ဆက်ပြီး ဖိအားပေးဖို့ ကြိုးစားသွားမယ်လို့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Hashmi Yousuf က ပြောပါတယ်။

“သူတို့ရဲ့နေရာဒေသဆီ ပြန်နိုင်ရေး ငြိမ်းချမ်းမှုတည်ဆောက်ဖို့ရာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာလုပ်ဆောင်ဖို့ မြန်မာအစိုးရကို နောက်ထပ် ဖိအားဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ အကြောင်းမလှစွာဘဲ အခက်အခဲမျိုးစုံနဲ့ ကျနော်တို့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ဒီလိုအခက်အခဲတွေရှိနေတာကြောင့်တော့ ကျနော်တို့ ကြိုးပမ်းမှုတွေကို ရပ်ပစ်လိုက်မှာမဟုတ်ပါ ဘူး။” လို့ OIC အတွင်းရေးမှူးချုပ်ကပြောပါတယ်။

OIC ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သောကြာနေ့က သွားရောက်ကြည့်ရှုပြီးတဲ့နောက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာ Hashmi Yousuf က အဲဒီလိုပြောသွားတာပါ။

ဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ OIC အဖွဲ့ဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေအပါအဝင် အဖွဲ့ဝင် ၆၈ ဦးပါပြီး ဒုက္ခသည်စခန်းထဲက နေရာအသီးသီးကို အမျိုးသမီး၊ အမျိုးသား ခွဲသွားကြပြီးတော့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ ပြောဆို မေးမြန်းကြ တာပါ။

OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ ၄၅ ကြိမ်မြောက်အစည်းအဝေးကို မေလ ၅ ရက်၊ စနေနေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ Dhaka မြို့တော်မှာ ကျင်းပဖို့ရှိပါတယ်။

OIC အဖွဲ့ကို ၁၉၆၉ ခုနှစ်က စတင်တည်ထောင်တာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ကမ္ဘာပေါ်က မွတ်ဆလင်နိုင်ငံ ၅၇ နိုင်ငံပါဝင်ပြီး တော့ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ EU တို့မှာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့တွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG