သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်ဖို့ ကုလ အဆိုပြု


 ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး (UN TV)
၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး (UN TV)

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမူစလင်တွေပေါ် စံနစ်တကျ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဖြစ်လာစေတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းတစောင်ကို ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီက ကြာသပတေးနေ့မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီမူကြမ်းထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦး ခန့်အပ်ဖို့လည်း အဆိုပြုထားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့ နောက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရိုဟင်ဂျာ ၆ သိန်းကျော်ထွက်ပြေးခဲ့တဲ့ နောက်မှာ မနှစ်က မတင်သွင်းပဲထားခဲ့တဲ့ ကုသလမဂ္ဂ ဆုံးဖြတ်ချက်ကို ပြန်လည်တင်သွင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒီတင်သွင်းတဲ့ ဆုံးဖြတ်ချက်မှုကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီက နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အတည်ပြုခဲ့တယ်လို့ အထွေထွေညီလာခံ ဥက္ကဌရဲ့ ပြောခွင့်ရ Brenden Varma က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဒီအထွေထွေညီလာခံရဲ့ တတိယ ကော်မတီက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မူကြမ်းကို ထောက်ခံမဲ ၁၃၅ မဲ၊ ကန့်ကွက်မဲ ၁၀ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ မဲမပေးခဲ့တဲ့ အဖွဲ့ဝင်ပေါင်းက ၂၆ နိုင်ငံ ရှိပါတယ်။"

ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော်မတီက မြန်မာနိုင်ငံမှာ လူ့အခွင့်ရေး အခြေနေ ဆိုးဝါးနေမှု အတွက် ဆုံးဖြတ်ချက်ချမှပြီး ရှုံ့ချပြစ်တင်မှုတွေ ဆက်တိုက်လုပ်လာခဲ့ရာကနေ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရတရပ် တက်လာတဲ့နောက်မှာတော့ ဥရောပ သမဂ္ဂက ဦးဆောင်တင်သွင်းမှုမလုပ်ပဲ နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သြဂုတ်လ ၂၅ ရက် ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်တွင်းက လုံခြုံရေးစခန်း ၃၀ ကို တိုက်ခိုက်ခဲ့အပြီး စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တဲ့ နောက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို လွန်ခဲ့တဲ့ ၃ လအတွင်း ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေးခိုလှုံခဲ့တဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပါတယ်။

ဒီအခြေနေမှာ OIC အစ္စလန်မစ် ပူးပေါင်ဆောင်ရွက်ရေးအဖွ့ဲက ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းအသစ်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီမူကြမ်းမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ Antonio Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူကိုယ်စားလှယ်တဦးကို ခန့်ထားရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ Vijay Nambia ဟာ စတုတ္တမြောက် အထူးကိုယ်စားလှယ်ဖြစ်ပြီး အခု သူ့ရဲ့တာဝန်ကုန်ဆုံး သွားပေမယ့် မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ် ထပ်မံခန့်အပ်တာ မရှိသေးပါဘူး။ ဒါပေမယ့် ဒီမူကြမ်းအတည်ပြုခဲ့တာမို့ အခု ပဉ္စမမြောက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦးကို ခန့်အပ်ရမှာ ဖြစ်ကြောင်းလည်း Varma က ပြောပါတယ်။

"ဒီမူကြမ်းကို အကောင်အထည် ဖေါ်ရာမှာ ကုန်ကျစားရိတ်နဲ့ ပတ်သက်လို့ ကော်မတီက မနေ့က ဆွေးနွေးခဲ့ပါတယ်။ ဒီမူကြမ်းကို အထွေထွေ ညီလာခံကြီးက အတည်ပြုရင် ကုန်ကျစားရိတ် ဒေါ်လာ ၁ ၅၄၁ ၁၀၀ ကို ၂၀၁၈ ဘဏ္ဍာရေးနှစ် အတွက် လိုအပ်မှာ ဖြစ်ပြီး ဒီငွေကို မူကြမ်းရဲ့ အပိုဒ် ၁၀ မှာ အဆိုပြုထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ခန့်အပ်ရာမှာ အသုံးပြုမှာ ဖြစ်ပါတယ်။"

ဒီငွေကို အထွေထွေညီလာခံ ဘတ်ဂျက်ကိုင်တွယ်ရတဲ့ ပဉ္စမကော်မတီကို တင်ပြအတည်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။ အခုတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းကိုတော့ ဒီဇင်ဘာလမှာ ကျင်းပမယ့် ၁၉၃ ကြိမ်မြောက် အထွေထွေညီလာခံမှာ တရားဝင်အတည်ပြုဖို့ ရှိပါတယ်။ အခုလို ဆုံးဖြတ်ချက်ချမှတ်မယ်ဆိုရင် နိုင်ငံတကာရဲ့ ဖိအားတွေ ပိုတိုးလာမှာ ဖြစ်ပေမယ့် ဒါဟာ မလိုက်နာရင်လည်း ရတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေနေဆိုးဝါးနေပြီး ရခိုင်ပြည်နယ်မှာ လုပ်ဆောင်တဲ့ စစ်ဆင်ရေးတွေအတွင်း စစ်တပ်က တရားမဲ့ သတ်ဖြတ်မှုတွေ မုဒိမ်းကျင့်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပြင် လူမျိုးစု ဖယ်ရှားရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း မြန်မာစစ်တပ်က တနင်္လာနေ့မှာပဲ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

ဒါပေမယ့် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရခိုင်ပြည်နယ်တွင်း လုံခြုံရေးတပ်တွေက အင်အားအလွန်အကျွံမသုံး အောင် သေချာစေဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့တာ ဖြစ်ပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ် က ရက်ပေါင်း ၃၀ အတွင်း လုံခြုံရေးကောင်စီကို ပြန်လည် အစီရင်ခံဖို့ ဆောင်းဆိုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌ ဖြစ်တဲ့ Miroslav Lajcak ကပါ ကြေညာချက် ထုတ်ပြန်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့ကြတယ်လို့ မစ္စတာ Varma က ပြောပါတယ်။

"ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာကို လူသားတွေ အတွက် ဘေးဒုက္ခကြီးလို့ ယူဆပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီရော၊ အတွင်းရေးမှုးချုပ်ကပါ ထဲထဲ ဝင်ဝင် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကလည်း ဒီစည်းဝေးပွဲတွေမှာ ပါဝင် တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဌ အနေနဲ့က မြန်မာ့အရေးကို စိုးရိမ်မကင်း ဖြစ်သလို ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်လျက် ရှိနေပါတယ်။

ဆုံးဖြတ်ချက် မူကြမ်းထဲမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူညီတွေ အတားအဆီး မရှိ ပေးခွင့်ပြုဖို့ နဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ပေးဖို့ပါ တောင်းဆိုထားတာပါ။

ကုလသမဂ္ဂ အထွေထွေ ညီလာခံက မြန်မာနိုင်ငံမှာ လူ့အခွင့်ရေး အခြေနေ ဆိုးဝါးနေမှုအတွက် ဆုံးဖြတ်ချက်ချမှတ်ပြီး ရှုံ့ချပြစ်တင်မှုတွေကို ၁၉၉၁ ခုနှစ်ကနေ ၂၀၁၅ အထိ ဆက်တိုက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG