သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်အရေး ကုလမှာဘင်္ဂလားဒေ့ရှ် လုပ်ဆောင်မှု မြန်မာဝေဖန်


ရိုဟင်ဂျာဒုက္ခသည်များ
ရိုဟင်ဂျာဒုက္ခသည်များ

ရိုဟင်ဂျာ ပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအကြား ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ် ဆောင်ရွက်နေပေမယ့်လည်း ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ရဲ့ ချဉ်းကပ် ဆောင်ရွက်ပုံကို ကြည့်ခြင်းအားဖြင့် ဒီပြဿနာ ပြေလည်ရေးထက် ပိုမို ရှုပ်ထွေးအောင် လုပ်ဆောင်နေသလားဆိုတာ သံသယဖြစ်မိကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့က ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း မြန်မာကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လူ့အခွင့်အရေးကိစ္စတွေကို ကိုင်တွယ် ဆောင်ရွက်တဲ့ တတိယကော်မီတီရဲ့ ၃၆ ကြိမ်မြောက် စည်းဝေးပွဲ ရှေ့မှောက်မှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ မိမိသဘော ဆန္ဒအလျှောက် ၁၉၉၃ ခုနှစ်မှာ ရရှိထားတဲ့ သဘောတူညီချက်နဲ့အညီ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံ အာဏာပိုင်တွေအကြား ပူးပေါင်း ဆောင်ရွက်မှု ရှိနေကြောင်း၊ ဒါကြောင့်လည်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စရပ်တွေ ဆွေးနွေးဖို့အတွက် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းကဘဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြောင်း၊ အဲဒီ ခရီးစဉ်အတွင်း နယ်စပ် ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဆွေးနွေး၊ ပူးပေါင်း ဆောင်ရွက်ရေး စတဲ့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၂ ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း က တတိယ ကော်မီတီရှေ့မှာ တနင်္လာနေ့က ထွက်ဆိုခဲ့ပါတယ်။

ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြဿနာ ပြေလည်ရေးအတွက် နှစ်နိုင်ငံ အစိုးရအရာရှိတွေ အကြား အဲဒီလို ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပေမယ့် ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မေးခွန်းထုတ်စရာ ရှိနေကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း က ပြောပါတယ်။

“နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုတွေ ရှိနေပေမယ့်လည်း ကုလသမဂ္ဂ ဆွေးနွေးပွဲတွေမှာ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ရဲ့ ချဉ်းကပ်ဆောင်ရွက်ပုံတွေအပေါ် ကျနော်တို့အနေနဲ့ အံ့အားသင့်စရာ တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဒီပြဿနာကို တကယ် ပြေလည်လိုတဲ့ ဆန္ဒရှိသလား၊ ဒါမှမဟုတ် ဒီပြဿနာ ပိုမို ကြီးထွားလာအောင် လုပ်ဆောင်နေသလား ဆိုတဲ့အပေါ် ကျနော့်အနေနဲ့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ လက်ရှိ လွှတ်တော် နိုင်ငံခြားရေးရာ ကော်မီတီဝင်လည်း ဖြစ်တဲ့ Dipu Moni က လုံခြုံရေးကောင်စီရဲ့ တရားဝင် ဆွေးနွေးမယ့် အစီအစဉ်တွေမှာ မြန်မာ့အရေး ထည့်သွင်းပြီး ဆုံးဖြတ်ချက် ချပေးဖို့၊ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင် လုပ်ဆောင်ဖို့၊ အထူးအကြံပေး ကိုယ်စားလှယ်တဦး ခန့်အပ်ဖို့၊ တတိယကော်မတီမှာ OIC အစ္စလာမ်မစ်အဖွဲ့က တင်ပြထားတဲ့ အကြံပေးချက်ကိုလည်း လိုက်နာဖို့ တိုက်တွန်းခဲ့တာတွေအပြင် ရိုဟင်ဂျာ အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရမှာ တာဝန်ရှိကြောင်း ကုလသမဂ္ဂမှာ စည်းရုံး ပြောကြားမှုတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ မြန်မာ ကိုယ်စားလှယ်ဘက်က ပြန်လည် ချေပ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တချိန်က East Pakistan အဖြစ် လက်ရှိ ပါကစ္စတန်နိုင်ငံ လက်အောက်မှာ တည်ရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်မြောက်ရေး စစ်ပွဲအပြီး ပြည်တွင်း မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလတွေတုန်းက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံ၊ ရခိုင်ပြည်ဘက်ကို ဒုက္ခသည်တွေ အလုံးအရင်း ထွက်ပြေးခဲ့စဉ်က မြန်မာအစိုးရက ကြည်ဖြူစွာ လက်ခံထားခဲ့တဲ့ကိစ္စကိုလည်း အဲဒီအချိန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူနဲ့ ဗြိတိသျှသံအမတ်ကြီးတို့အကြား ဆွေးနွေးခဲ့တဲ့ကိစ္စကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း က ဥပမာပေးပြီး တနင်္လာနေ့က တင်ပြ ဆွေးနွေးခဲ့ပါတယ်။

“၁၉၇၅ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး T.J. O’Brien နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့အထဲက လျှို့ဝှက်အဆင့်အတန်း သတ်မှတ်ချက် လျော့ချပြီး ထုတ်ပြန်ထားတဲ့ အကြောင်းအရာတခုကို နမူအဖြစ် ဒီနေရာမှာ တင်ပြလိုပါတယ်။ သူတို့ ၂ ဦးဟာ ၁၉၇၅ ခု၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တွေ့ခဲ့ကြတာပါ။ အဲဒီ တွေ့ဆုံပွဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၅ သိန်းလောက် ရခိုင်ပြည်နယ်ထဲ ဖြတ်ကျော် ဝင်ရောက်သွားကြတဲ့အကြောင်းနဲ့ အဲဒီလူတွေကို မြန်မာအစိုးရဘက်က ပြန်လည် မောင်းထုတ်ပိုင်ခွင့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတဲ့ ကာလအတွင်း မြန်မာအာဏာပိုင်တွေအနေနဲ့ အဲဒီကိစ္စကို ဖိအားပေး လုပ်ဆောင်ခြင်းမပြုဖို့ သံအမတ်ကြီးက အနူးညွတ် မေတ္တာရပ်ခံခဲ့ပါတယ်။ မြန်မာအစိုးရဘက်က ဒီကိစ္စနဲ့ ပတ်သက်လို့ အခွင့်ကောင်းမယူတဲ့အပေါ် ကျေနပ်မိကြောင်း ပြောကြားခဲ့ပါတယ်။”

ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲဟာ ၁၉၇၁ ခုနှစ် မတ်လ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ကြာမြင့်ခဲ့တာပါ။ အဲဒီ လွတ်မြောက်ရေး စစ်ပွဲအပြီးမှာ လွတ်လပ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအဖြစ် စတင် တည်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ စာနာမှုဆိုင်ရာ အခက်အခဲတွေအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်နေတဲ့အတိုင်း မြန်မာ အစိုးရဘက်ကလည်း စိုးရိမ်ပူပန်မှုရှိတာနဲ့အညီ ဒီကိစ္စပြေလည်အောင် ဆောင်ရွက်နေကြောင်းလည်း တတိယ ကော်မီတီမှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း က တင်ပြ ဆွေးနွေးခဲ့ပါတယ်။

“လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လူသားချင်း စာမှုဆိုင်ရာ အခက်အခဲတွေအပေါ် နိုင်ငံတကာက စိုးရိမ် ပူပန်တဲ့အတိုင်း မြန်မာအစိုးရကလည်း စိုးရိမ်ပူမှု ရှိတာနဲ့အညီ ဒီကိစ္စကို အလေးပေး ဆောင်ရွက်နေပါတယ်။ မြန်မာ အစိုးရဘက်က ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပြန်လာကြတဲ့သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ရေး၊ နေရပ် ရွေ့ပြောင်းခံရသူ အားလုံးအတွက် ပြန်လည်နေရာ ချထားရေးနဲ့ ပြန်လည် ထူထောင်ရေး၊ ရခိုင်ပြည်နယ်အတွင်း ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အစီအစဉ် ချမှတ်ဆောင်ရွက်ရေး စတဲ့ အချက် (၃) ချက်ကို မဆိုင်းမတွ ဆောင်ရွက်နေပါတယ်။”

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ကနေ့အချိန်ထိ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ သူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ ၆၀၇,၀၀၀ ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က အောက်တိုဘာလ ၃၀ ရက်နေ့မှာ ပြောပါတယ်။

“ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး - UNOCHA ရဲ့ ပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာကြတဲ့ဒုက္ခသည် အရေအတွက်ဟာ ၆၀၇,၀၀၀ ရှိသွားပြီ ဖြစ်ပါတယ်။ ဒီဒုက္ခသည် ထက်ဝက်ကျော်ဟာ မူလက ရောက်နေကြတဲ့ ဒုက္ခသည်တွေ ယာယီ တဲထိုးပြီး နေထိုင်နေကြတဲ့ Kutupalong တိုးချဲ့ ဒေသနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက သတ်မှတ်ပေးထားတဲ့ မလှမ်းမကမ်း ဒေသမှာ နေထိုင်နေကြပါတယ်။”

ဒီဒုက္ခသည်တွေ အားလုံးအတွက် လိုအပ်တဲ့ အကူအညီ စုစုပေါင်းရဲ့ ၃၁% သာ ရရှိသေးကြောင်းနဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က ကုလသမဂ္ဂ စာနာမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီတွေက ဦးဆောင်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေအတွက် တရက်တာ နိုင်ငံတကာ ရံပုံငွေရှာရေး အစီအစဉ် ပြုလုပ်တာမှာ အလှုရှင်တွေက ဒေါ်လာ သန်း ၃၆၀ လှုဒါန်းဖို့ ကတိကဝတ်တွေ ရထားခဲ့ပြီး ဖြစ်ကြောင်းလည်း Stephane Dujarric က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG