မြန်မာနိုင်ငံ နယ်စပ် အနီးအနားက ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေဟာ သူတို့အတွက် လိုအပ်နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ မရရှိကြဘူးလို့ Amnesty International အဖွဲ့က ပြောပါတယ်။ ဒီအဖွဲ့ရဲ့ အစီရင်ခံစာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရှိတဲ့ စခန်းတွေမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းချက်တွေအပေါ် အခြေခံရေးသားထားပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က မြန်မာစစ်တပ်နဲ့ ဒေသတွင်းက လူမျိုးစု စစ်သွေးကြွတွေ ပဋိပက္ခစတင်ရာကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင် ရိုဟင်ဂျာ သန်းချီ ထွက်ပြေးခဲ့ကြပါတယ်။ Henry Ridgwell သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။
ဒီ အသံတွေက Cox’s Bazar က Kutupalong လို့ခေါ်တဲ့နေရာက လာနေတာပါ။ လူ ၆ သိန်းကျော် ခိုလှုံနေတဲ့ ကမ္ဘာပေါ်က အကြီးဆုံး ဒုက္ခသည် စခန်းကြီး ဖြစ်ပြီးတော့ ဒုက္ခသည် အများစုကတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာ လူမျိုးစုတွေပါ။ အနီးအနားက စခန်းတွေကိုပါ ထည့်တွက်ရင် ဒီဒေသတွင်းမှာ ဒုက္ခသည် တစ်သန်း နီးပါးလောက် ရှိပါတယ်။
သူတို့တွေဟာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာခဲ့ကြတာပါ။ ရွာတွေ တိုက်ခိုက်ခံရတဲ့ အခါ အသက် ငယ်တဲ့သူတွေ လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးနိုင်ကြပေမဲ့ သက်ကြီးရွယ်အိုတွေကတော့ တစ်ခါတစ်လေ ထွက်ပြေးဖို့ မလွယ်ပါဘူး။
မောင်တောက သူ့ ရွာထဲ မြန်မာ စစ်သားတွေ ဝင်လာချိန် Mariam Khatun က သူ့ရဲ့ ကလေး ၃ ယောက်နဲ့ ထွက်ပြေးလာခဲ့တယ်ဆိုပြီး အခုလို ပြောပါတယ်။
“စစ်သားတွေ ဝင်လာပြီး အိမ်တွေကို မီးရှို့တော့ ကျွန်မ မိဘတွေက အိမ်ထဲမှာပါ။ အဲဒီ အချိန်မှာ မိဘတွေက သူတို့ဘာသာသူတို့ လမ်းမလျှောက်နိုင်ဘဲ အိပ်ရာပေါ် လဲနေတာ ၅ နှစ်လောက် ရှိပါပြီ။ အပေါ့အပါးသွားရင် ကျွန်မကပဲ ချီပိုး ပေးရတယ်လေ။ ရွာ မီးလောင်လို့ ကျွန်မတို့ ထွက်ပြေးတဲ့အခါ သူတို့ကို ခေါ်မလာနိုင်တော့ပါဘူး။ ကျွန်မတို့ မြစ်ကို ဖြတ်ကူးခဲ့ရပါတယ်။ မိဘတွေကတော့ အိမ်မီးလောင်တဲ့ အထဲ ပါသွားပါတယ်။”
ဒုက္ခသည်စခန်းတွေဆီကို ရောက်လာနိုင်တဲ့ သက်ကြီးရွယ်အိုတွေကလည်း ဒီမှာ တစ်ဖန် ဒုက္ခရောက်ကြပြန်ပါတယ်။ သူတို့ရဲ့ အခြေခံ လိုအပ်ချက်တွေ မရကြရှာဘူးလို့လည်း Amnesty International က ပြောပါတယ်။
“အထောက်အပံ့ ပစ္စည်းတွေ ခွဲဝေပေးတဲ့ နေရာ၊ ရေရနိုင်တဲ့နေရာနဲ့ ဆေခန်း ရှိတဲ့နေရာတွေအပေါ် မူတည်ပြီး စခန်းက လမ်းနဲ့ အိမ်တွေကို ဆောက်ထားခဲ့တာပါ။ တကယ်လို့ ဘင်္ဂလားဒေ့ရှ်က ကုန်းတွေပေါ် အဆင်းအတက် ခင်ဗျား ကိုယ့်ဟာကိုယ် မလုပ်နိုင်ဘူးဆိုရင်တော့ ရေ ရှိတဲ့နေရာတွေ အိမ်သာတွေနဲ့ ဆေးခန်းတွေကို မသွားနိုင်တော့ဘူးပေါ့။”
ဒီ ဒုက္ခသည် သက်ကြီးရွယ်အို တော်တော်များများဟာ သူတို့ဘဝမှာ အနည်းဆုံး သုံးခါထက်မနည်း ထွက်ပြေးဖူးတဲ့သူတွေပါ။ သက်ကြီးရွယ်အိုတစ်ဦးဖြစ်သူ Shaharuk က အခုလို ပြောပါတယ်။
“ ရှိသမျှအားလုံး မီးတွေလောင်နေတာပါပဲ။ ရွာထဲမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေ ရှိနေတယ်။ သူတို့တွေ အိမ် တစ်လုံးပြီး တစ်လုံး မီးရှို့ကြတယ်။”
မြန်မာ အစိုးရက ဒုက္ခသည်တွေ ပြန်လာဖို့ ဘေးကင်းနေပါပြီလို့ ပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံကို မြန်မာအစိုးရက အသိအမှတ်မပြုသလို သူတို့တစ်တွေကိုလည်း နိုင်ငံသား အပြည့်အ၀ ပေးဖို့ ငြင်းဆိုထားပါတယ်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက Stephen Pattison ကတော့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်ဖို့ ဘယ်အချိန် သင့်တော်သလဲ ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်ပြီး ဘေးကင်းလုံခြုံစွာ ပြန်ဖို့အရေး မြန်မာနိုင်ငံအနေနဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ အဲဒီလို အခြေအနေ မရောက်ခင်အထိတော့ ဒုက္ခသည် စခန်းက သက်ကြီး ရွယ်အိုတွေကို အကူအညီပေးဖို့ လိုကြောင်း Amnesty International အဖွဲ့က ပြောကြောင်းပါ။