သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာကို ကုလသံတမန်တွေ တိုက်တွန်း


မှတ်တမ်းဓါတ်ပုံ -၂၀၁၇ အောက်တိုဘာ၁၆ ရက်က ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာစဉ်
မှတ်တမ်းဓါတ်ပုံ -၂၀၁၇ အောက်တိုဘာ၁၆ ရက်က ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာစဉ်

(Zawgyi/Unicode)

ရိုဟင်ဂျာအကျပ်အတည်းဖြေရှင်းရေးမှာ မြန်မာအနေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ အဓိကလိုအပ် နေကြောင်း ရိုဟင်ဂျာအဖွဲ့ ကိုယ်စားပြုသူတွေနဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပါတယ်။

လေးနှစ်ထဲဝင်လာတဲ့ ရိုဟင်ဂျာအကျပ်အတည်း အခိုင်အမာဖြေရှင်းနိုင်ရေး နည်းလမ်းရှာရာမှာ စိန်ခေါ်မှုများ ခေါင်းစဉ်နဲ့နယူးရောက် ကုလသမဂ္ဂဆိုင်ရာ နိုင်ငံတကာသံအမတ်ကြီးတွေ ဦးစီးပြီး စက်တင်ဘာလ ၁၆ ရက် ဗုဒ္ဓဟူးနေ့က ဗွီဒီယို ကွန်ဖရင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။

မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

အဲဒီဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကနေဒါ၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျ၊ တူရကီ စတဲ့ သံရုံးတွေက အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးတွေ ဦးဆောင်ပြုလုပ်ခဲ့တာပါ။ အဓိကရည်ရွယ်ချက်က မကြာခင်ကျင်းပတော့မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လို ဆုံးဖြတ်ချက်တွေ ချမှတ်မလဲဆိုတဲ့အပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ စွပ်စွဲခံထားရတဲ့ ရည်ရွယ်ချက်ရှိရှိ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့ရိုဟင်ဂျာဒုက္ခသည် တသန်းကျော်အတွက်မြန်မာနိုင်ငံ နေရပ်ရင်းပြန်နိုင်ရေးနဲ့ သူတို့ကို ဖိနှိပ်ညှဉ်းပန်းမှုတွေအတွက် တရားမျှတမှု ရရှိရေး စတဲ့ အချက်တွေဟာ အဲဒီဆွေးနွေးပွဲမှာ အဓိက ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် ရိုဟင်ဂျာအမျုးိသမီး၊ အမျိုးသား၊ မိန်းကလေးငယ်တွေ အပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှု စွဲချက်နဲ့ ပတ်သက်လို့ အဓိက တင်ပြခဲ့တဲ့ နယူးရောက်အခြေစိုက် Global Justice Center ဥက္ကဌ Akila Radhakrishnan က တပ်မတော်ဟာ သူရဲ့ပြစ်မှု ကျူးလွန်မှုတွေမှာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့အတွက် ဒီလိုလုပ်ရပ်တွေကို ထပ်တလဲလဲ ကျူးလွန်လာတယ်ဆိုတာ တွေ့နေရတယ်လို့ ဗွီအိုအေ ကို အခုလိုပြောပါတယ်။

”ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် အတင်းအဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်ရဲ့ လုပ်ရပ်တွေကို ကျမတို့ ထင်ထင်ရှားရှားတွေ့မြင်လာရချိန်မှာ သူတို့ဟာ အရင် ဆယ်စုနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားလူနည်းစု အမျိုးသမီးတွေကိုလည်း ဒီနည်းလမ်းအတိုင်း ကျူးလွန်ခဲ့တယ်ဆိုတာ ကျမတို့ တွေ့ရပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့အတွက် အချိန်တွေအများကြီး ကြာလာတာတောင်မှ တရားမျှတမှု မရကြသေးတဲ့ အမျိုးသမီးတွေထဲမှာ ရိုဟင်ဂျာအမျိုးသမီးတွေတင် မဟုတ်ပါဘူး၊ ရှမ်း၊ ကရင်၊ ကချင်စတဲ့အမျိုးသမီးတွေလည်းပါပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးထားတဲ့အတွက် သူတို့ ထပ်တလဲလဲ ပြုလုပ်နေတာကြောင့် ဒီကိစ္စကို အထူးအာရုံစိုက်ဆောင်ရွက်ဖို့ အရေးကြီးနေပါတယ်။”

ဗုဒ္ဓဟူးနေ့က ဗွီဒီယိုကွန်ဖရင့်ဆွေးနွေးပွဲရလဒ်ဟာ လက်ရှိ လုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂမှာ ပြုလုပ်နေတဲ့ မြန်မာ့အရေးကိစ္စရပ်တွေမှာ အကျိုးသက်ရောက်မှုတွေရှိမှာဖြစ်တယ်လို့ ကိုယ်တိုင်ပါဝင်ဆွေးနွေးခဲ့သူ Arakan Rohingya Union ဥက္ကဌ ဒေါက်တာ Wakar Uddin က ဗွီအိုအေကို ပြောပါတယ်။

” နောက်လာမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့၊ ကုလသမဂ္ဂအထွေထွေညီလာခံ စတာတွေအတွက် မြန်မာ့အရေးဆွေးနွေးမယ့်ကိစ္စရပ်တွေမှာ အဆင်သင့်ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ သံတမန်ရေးအရ ထိရောက်မှာပါ။ ပြီးတော့ အခု ICJ နဲ့ ပတ်သက်လို့ ကနေဒါနဲ့ နယ်သာလန်တို့ ပူးပေါင်းကြေညာထုတ်ထားတာရှိပါတယ်။ ဒါကို အခြားနိုင်ငံတွေကလည်း ပူးပေါင်းဖို့ရှိပါတယ်။ အဲတော့ ICJ မှာရှိနေတဲ့ ရိုဟင်ဂျာကိစ္စအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးတိုးတက်လာဖို့ရှိပါတယ်။”

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ အခြေအနေအပါဝင် ကိုဗစ်အရေးပေါ်ကာလနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး လက်မှတ်ရေးထိုးသဘောတူထားတဲ့ မြန်မာအစိုးရက ကုလသမဂ္ဂ အေဂျင်စီအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတာတွေကို အဓိကဆွေးနွေးခဲ့တယ်လို့ ဒေါက်တာ Wakar Uddin ကဆိုပါတယ်။

” ဝန်ကြီးဌာနက ပြောတယ်။ COVID- 19 ပြီးမှ ဒီဟာလုပ်မယ်တဲ့။ အဲဒါဆိုရင် COVID- 19 ဘယ်တော့ပြီးမှာလဲ။ ၅ နှစ်လား၊ ၁၀ နှစ်လား။ ဘယ်သူမှ မသိဘူးလေ။ ဒီ ဒုက္ခသည်တွေက ကိုယ်ပိုင်တဲ့နေရာ၊ သူတို့ရဲ့ရွာ၊ သူတို့ရဲ့ မူရင်းရွာတွေကို ပြန်ပို့ဖို့ UNHCR၊ UNDP နဲ့ပေါင်းပြီး အခြား နိုင်ငံတကာ အစိုးရ တော်တော်များများကလည်း သူတို့ ကူညီပေးမယ်လို့ ပြောပါတယ်။ သူတို့ကို ကျန်းမာရေး စစ်ပြီး ခေါ်လို့ရပါတယ်။ အဲဒီအတွက်လည်း ကုလသမဂ္ဂက အပြည့်အဝကူညီမှာပါ။ မြန်မာအစိုးရက ပူးပေါင်းမယ်ဆိုရင်ပေါ့လေ။ ကျနော်တို့ မျှော်လင့်ချက်တွေရှိနေပါတယ်။ မြန်မာအစိုးရက ပူးပေါင်းဖို့ပဲ အရေးကြီးပါတယ်။”

လက်ရှိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ပြုလုပ်နေတဲ့ ၄၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ တနင်္လာနေ့က လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးMichelle Bachelet ကနေ မြန်မာနဲ့ ပတ်သက်တဲ့ သူ့ရဲ့အစီရင်ခံစာကို တင်သွင်းရာမှာ ရခိုင်နဲ့ ချင်းပြည်နယ်က ပဋိပက္ခ စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်းသတိပေးပြောကြားခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ သူတို့ရင်ဆိုင်နေရတဲ့ ပြည်တွင်း အခြေအနေမှာ ရှုပ်ထွေးတဲ့စိန်ခေါ်မှုတွေကို ဘက်ပေါင်းစုံ ရင်ဆိုင်နေရပြီး၊ ဒါတွေကို ဖြေရှင်းရာမှာ တစုံတခုတည်း မဟုတ်ဘဲ အလုံးစုံခြုံငုံမယ့် ဆက်နွယ်ဖြေရှင်းမှုမျိုး လုပ်သွားရမှာဖြစ်သလို အချိန်ယူဖြေရှင်းသွားရမှာဖြစ်တယ်လို့ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ညီလာခံမှာ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ဒါအပြင် ရခိုင်ပြည်မှာ လတ်တလောရင်ဆိုင်နေရတဲ့ ပဋိပက္ခကတော့ မြန်မာနိုင်ငံရဲ့အချုပ်အချာအာဏာကိုပါ ထိခိုက်တဲ့ကိစ္စဖြစ်တယ်လို့လည်း မြန်မာသံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)














XS
SM
MD
LG