သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာချေးကမ်းခြေရောက်လာသူ ရိုဟင်ဂျာ ၃၀၀ ဟာ ပင်လယ်ပြင်ထဲ ၇ လ နီးပါးနေခဲ့ရ (UNHCR)


စက်တင်ဘာ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေး ကမ်းခြေနားက ကယ်တင်ခဲ့ရတဲ့ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်များ
စက်တင်ဘာ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေး ကမ်းခြေနားက ကယ်တင်ခဲ့ရတဲ့ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်များ

(Zawgyi/Unicode)

အင်ဒိုနီးရှားနိုင်ငံ အာချေး ကမ်းခြေနားမှာ ကယ်တင်ခဲ့တဲ့ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀နီးပါးဟာ ပင်လယ်ထဲမှာ လပေါင်း ၇ လနီးပါးကြာခဲ့ပြီး မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေနဲ့ ကြုံခဲ့ကြသလို လူအယောက် ၃၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြောင်း UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး အာရှ ပစိဖိတ်ဆိုင်ရာ ညွန်ကြားရေးမှူး Indrika Ratwatte က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ (၇)ရက် တနင်္လာနေ့ အစောပိုင်း အာချေးပြည်နယ် Ujong Blang ကမ်းခြေကို စက်လှေတစီးနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဒေသခံတွေ တွေ့ရှိခဲ့တာပါ။ လှေစီး ဒုက္ခသည် အများအပြားဟာ ဆေးဝါးကုသမှုလိုအပ်နေတယ်လို့လည်း Indrika Ratwatte ကပြောပါတယ်။ သူတို့အားလုံးကို အင်ဒိုနီးရှားနိုင်ငံရဲ့ ကျန်းမာရေးစံချိန်စံညွန်းတွေနဲ့အညီ COVID-19 စစ်ဆေးဖို့ အင်္ဂါနေ့ နေ့လည်ပိုင်းကတည်းက ဒေသခံအာဏာပိုင်တွေက စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း Lhokseumawe မြို့တော်ဝန်ကောင်စီရဲ့ ကျန်းမာရေးဌာနအကြီးအကဲလည်းဖြစ် ရိုဟင်ဂျာဒုက္ခသည်တွေအရေး တာဝန်ယူဆောင်ရွက်နေရသူ Marzuki က ဗွီအိုအေကို အခုလို ပြောပါတယ်။

”Lhokseumawe ကျန်းမာရေးဌာနဝန်ထမ်းတွေအနေနဲ့ ဒီနေ့ နေ့လည်ပိုင်းမှာပဲ ဒုက္ခသည်တွေကို COVID-19 စစ်ဆေးဖို့ မြန်မြန်ဆန်ဆန်စတင်လုပ်ဆောင်နေပါတယ်။ စစ်တပ်အရာရှိတွေရဲ့ ပြောပြချက်အရ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေထဲမှာ အပြင်းအထန် ဖျားနာနေပြီး အသက်ရှုကျပ်နေတဲ့ လူနာ တယောက်ရှိနေပါတယ်။ အဲဒီသူကိုတော့ ဆေးရုံကို ချက်ချင်းပို့ထားပါတယ်။ ကျန်တဲ့သူတွေအားလုံးကတော့ ကျန်းမာရေးကောင်းတဲ့ အနေအထားရှိပါတယ်။"

ရိုဟင်ဂျာဒုက္ခသည် ၃၀၀ နီးပါးအတွက် UNHCR ဘက်ကလည်း အာချေးပြည်နယ် အာဏာပိုင်တွေနဲ့ ဆေးဝါးနဲ့ အခြားလိုအပ်ချက်တွေမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း UNHCR အာရှ ပစိဖိတ်ဆိုင်ရာ ညွန်ကြားရေးမှူး Indrika Ratwatte ကပြောပါတယ်။ ဒါ့အပြင် အင်္ဂါနေ့က ထုတ်ပြန်တဲ့ သူ့ရဲ့ ကြေညာချက်မှာလည်း ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ကနေ ဖေဖေါ်ဝါရီလကတည်းက စက်လှေနဲ့ ထွက်ခွာလာခဲ့ကြတာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ရက်ပေါင်း ၂၀၀ ကျော် ပင်လယ်ထဲမျောနေတဲ့ ကိစ္စမှာ ဒေသတွင်း နိုင်ငံတွေအနေနဲ့ ပူးပေါင်းဆောင်ရွက် ကယ်တင်ခြင်းမရှိတဲ့ ဖြစ်ရပ်ကိုလည်း Indrika Ratwatte ရဲ့ကြေညာချက်မှာ မီးမှောင် ထိုးပြထားပါတယ်။

အခုနောက်ဆုံး လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၃၀၀နီးပါး အာချေးကမ်းခြေဘက်ကို ဘယ်လိုရောက်လာသလဲ၊ သူတို့ကို ဘယ်သူတွေက ဒီကို အရောက်ခေါ်လာခဲ့သလဲဆိုတာ စုံစမ်းလို့ မရသေးကြောင်း Lhokseumawe မြို့တော်ဝန်ကောင်စီ ပြောခွင့်ရ Marzuki က ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)






XS
SM
MD
LG