သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်းများ မိုးတွင်းကာလဘေးကင်းရေး ပြင်ဆင်


စခန်းအတွင်း မိုးတွင်းကာလအတွက်ပြင်ဆင်နေမှုများ
စခန်းအတွင်း မိုးတွင်းကာလအတွက်ပြင်ဆင်နေမှုများ

ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံရာ စခန်းတွေမှာ ရေကြီး မြေပြိုပြီး လူတွေ ဒုက္ခရောက်မယ့် အရေးကို လျော့ပါးသက်သာအောင် ကုလသမဂ္ဂဘက်က ကျွမ်းကျင်သူတွေ ငှားယမ်းပြီး ကြိုတင် ပြင်ဆင် ဆောင်ရွက်နေပါတယ်။ လူပေါင်း ၂ သိန်းလောက်က ပြိုကျလွယ်တဲ့ မြေပေါ်မှာ နေထိုင်နေကြရပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ လိုအပ်နေတယ်လို့လည်း ပြောဆိုထားပါတယ်။ UNIFEED ရဲ့ ဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ဘင်္ဂလားဒေရှ့် နိုင်ငံက လက်ရှိ မုတ်သုံရာသီမှာ ကောဇ့်ဘဇားက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေထိုင်နေတဲ့ ဒေသတဝိုက်မှာတော့ ရေကြီး မြေပြိုမှုတွေ ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒေသတွင်းက ဒုက္ခသည် စခန်းတွေ အပေါ် လက်ရှိ မုတ်သုံရာသီရဲ့ ရိုက်ခတ်မှုတွေ လျော့ပါး သက်သာအောင် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက မြေပြိုမှုတွေနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေ ဆောင်ရွက်နေကြပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ ခိုလှုံရေး စခန်းဆိုင်ရာ အရာရှိ Marina Drazba ကတော့ အခုလို ပြောပါတယ်။

"ဒီမှာက မြေပြိုမယ့် အန္တရာယ် ရှိနေပေမယ့် ဒီကိစ္စနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူ တဦးတလေမှ မရှိလို့ ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်သူ တဦးကို ငှားယမ်းထားပါတယ်။"

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော် ရှိခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံ အရှေ့တောင်ဘက်ပိုင်း ကောဇ့်ဘဇားမှာ စုစုပေါင်း ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက် အခုဆိုရင် ၉ သိန်းကျော် ရှိနေပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ ခိုလှုံရေး စခန်းဆိုင်ရာ အရာရှိ Marina Drazba ကတော့ အခုလို ပြောပါတယ်။

"မြေပြိုနိုင်တဲ့ အန္တရာယ် ရှိနေတယ်ဆိုတာကို ဒီမှာ ရှိတဲ့ လူတွေကို သိအောင် လုပ်ရတာက အခက်ခဲဆုံးပါ။ မြေပြိုမှု အန္တရာယ် မရှိတဲ့ အရပ်ဒေသကနေ ရိုဟင်ဂျာတွေက လာခဲ့ကြတာပါ။ မြေပြန့်ဒေသကနေ သူတို့လာတာပါ။ ဒါကြောင့် သူတို့ မသိတဲ့ ကိစ္စက ပြသနာ ဖြစ်နေတာပါ။"

မုတ်သုံရာသီမှာ ဒုက္ခသည် ၂ သိန်းလောက် အန္တရာယ် ရှိတယ်လို့ လူသားချင်းစာနာကူညီမှု ဆိုင်ရာ အဖွဲ့အစည်းတွေက ခန့်မှန်းထားတာပါ။ ရေကြီး၊ မြေပြိုလွယ်တဲ့ မြေပေါ်မှာ နေထိုင်နေကြသူတွေ အတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ကလည်း အရေးပေါ် လိုအပ်နေတာပါ။ ဒီထဲက လူပေါင်း ၄ သောင်း ၂ ထောင်တို့ကတော့ ဘေးသင့်နိုင်တဲ့ အန္တရာယ် များသူတွေ ဖြစ်ပါတယ်။ မုတ်သုံနဲ့ ဆိုင်ကလုန်း ရာသီမှာ ကြိုတင်ပြင်ဆင် တုံ့ပြန်နိုင်ရေးကတော့ လတ်တလောမှာ အဓိက ဦးစားပေး လုပ်ငန်း ဖြစ်ပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ ခိုလှုံရေး စခန်းဆိုင်ရာ အရာရှိ Marina Drazba ကတော့ အခုလို ပြောပါတယ်။

"အရင်က ရေထုတ်မြောင်း စနစ် အမှားအယွင်းကနေလည်း သိရှိလာရတဲ့ အချက်ရှိပါတယ်။ ရေထုတ်မြောင်း စနစ်က အရေးကြီးလှတဲ့ ကိစ္စ တခုပါ။ အရင်တုန်းက ခိုလှုံရေး စခန်းတွေမှာ မစီစဉ်နိုင်ခဲ့ပေမယ့် အခုတော့ အစီအစဉ်တကျ ဆောင်ရွက်နေပါတယ်။ ရေထုတ်မြောင်း စနစ်တရပ် ပေါ်ပေါက်လာတော့မှာပါ။ ရေနုတ်မြောင်း အသေးလေးကနေ ဒီထက်ပိုကြီးတဲ့ ရေနုတ်မြောင်း ဖြစ်အောင် လုပ်နေပါတယ်။ ရေကို ထိန်းချုပ်နိုင်မယ့် အထိ ရေစီးရေလာ ပိုကောင်းလာပြီး မြေပြိုမှု မဖြစ်အောင် ထိန်းနိုင်လာမှာပါ။ ရေတိုက်စားလွယ်တဲ့ ဒီမြေပေါ်မှာ ရေတိုက်စားမှုကိုလည်း ထိန်းထားနိုင်မှာပါ။"

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေ နေရပ်ရင်း ပြန်နိုင်ရေးကလည်း မရေမရာ ဖြစ်နေဆဲပါ။ ကာလရှည် မပြေမလည် ဖြစ်နေတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာ အစိုးရဘက်က လက်သင့်မခံပါဘူး။ မြန်မာပြည်ကနေ ထွက်ခွာသွားရသူတွေ အားလုံးကို ပြန်ခေါ်မယ်လို့ ပြောဆိုထားပေမယ့် အခုအထိတော့ ဌာနေပြန်ရေး အစီအစဉ်က အလုပ်မဖြစ်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG