သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူစမ်းသပ်မှုပိတ်ပင်တဲ့ သဘောတူညီချက် ရုရှားအောက်လွှတ်တော်ဖျက်သိမ်း


ရုရှားအောက်လွှတ်တော်အစည်းအဝေး (အောက်တိုဘာ ၁၇၊ ၂၀၂၃)
ရုရှားအောက်လွှတ်တော်အစည်းအဝေး (အောက်တိုဘာ ၁၇၊ ၂၀၂၃)

နျူကလီယာစမ်းသပ်မှု ပိတ်ပင်တားမြစ်ခြင်းသဘောတူညီချက် အတည်ပြုထားတာကို ရုရှားအောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့က ဖျက်သိမ်းလိုက်ပါတယ်။ ၁၉၉၆ ခုနှစ်က ချုပ်ဆိုခဲ့တဲ့စာချုပ်ကို အမေရိကန်က လက်မှတ်ထိုးထားပေမဲ့ လွှတ်တော် က အတည်ပြုပေးမထားတဲ့အတိုင်းဖြစ်ရအောင် ရုရှားသမ္မတပူတင်က အောက်တိုဘာလ ၅ ရက်နေ့မှာ လွှတ်တော်ကို တိုက်တွန်းခဲ့တာပါ။

ဥပဒေကြမ်းကို အောက်လွှတ်တော်က ကန့်ကွက်သူမရှိ ၄၁၅ မဲနဲ့ အတည်ပြုပေးလိုက်ပြီး အထက်လွှတ်တော် ပြီးတော့ သမ္မတပူတင်ဆီ နောက်ဆုံးလက်မှတ်ထိုးဖို့ ပို့ပေးရဦးမှာ ဖြစ်ပါတယ်။ ရုရှားလွှတ်တော်က သဘောတူညီချက်ကို ၂၀၀၀ ခုနှစ်တုန်းက အတည်ပြုပေးခဲ့တာပါ။

ခုလို ခြေလှမ်းကိုလှမ်းလိုက်ပေမဲ့ ရုရှားဟာ သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ နိုင်ငံအဖြစ် ဆက်လက်ရှိနေမှာဖြစ်ပြီး ကမ္ဘာပေါ် က နျူကလီယာစမ်းသပ်မှုနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ကမ္ဘာလုံးဆိုင်ရာ ထိန်းကျောင်းကြီးကြပ်ရေးစနစ်ကို ဆက်လက်ပို့ပေးနေမှာဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်က နျူကလီယာ စမ်းသပ်မှုစလုပ်လာခဲ့ရင် ရုရှားက အရာရာအဆင်သင့်ဖြစ်နေရမယ်လို့ ပြီးခဲ့တဲ့လတုန်း က ရုရှားသမ္မတပူတင်ကပြောခဲ့သလို ရုရှားရဲ့ နျူကလီယာစမ်းသပ်ရာနေရာဖြစ်တဲ့ မြောက်ပိုင်းက နိုဗိုယာ ဇမ်လျာ (Novaya Zemlya) ကို ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က သွားရောက်ခဲ့ပါသေးတယ်။

ရုရှား၊ အမေရိကန်နဲ့တရုတ်တို့ဟာ သူတို့ရဲ့ နျူကလီယာစမ်းသပ်မှုနေရာတွေမှာ တည်ဆောက်မှု အသစ်တွေ ဆောက်ထားကြတာကို စီအင်န်အင်န် ရုပ်မြင်သံကြား က ဂြိုဟ်တု ဓာတ်ပုံတွေနဲ့ ပြီးခဲ့တဲ့လတုန်းက ပြသခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG