သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်ငွေ့ဖိုး ရူဘယ်လ်ငွေနဲ့ ပေးချေဖို့ ရုရှားတောင်းဆိုမှု ဥရောပလက်မခံ


ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်။ (မတ် ၂၃၊ ၂၀၂၂)
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်။ (မတ် ၂၃၊ ၂၀၂၂)

(Zawgyi / Unicode)

ရုရှားနိုင်ငံကနေ သဘာဝဓာတ်ငွေ့ဝယ်တဲ့ ဥရောပနိုင်ငံတွေ ရူဘယ်လ်ငွေနဲ့ ပေးချေရမယ်လို့ သမ္မတ ဗလာဒီမီယာ ပူတင်က တောင်းဆိုတာကို ပြင်သစ်သမ္မတ Emmanuel Macron က သောကြာနေ့မှာ ပယ်ချလိုက်ပါတယ်။ ဒါဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အတွက် ဒဏ်ခတ်အရေးယူခံထားရတာကနေ လွတ်အောင် ရှောင်လွှဲဖို့ ကြိုးစားတာပဲလို့လည်း သမ္မတ Macron က ပြောပါတယ်။

ရုရှားရဲ့လုပ်ရပ်ဟာ “သဘောတူထားတာနဲ့ မကိုက်ညီပါဘူး၊ ကျနော်တို့ ဘာ့ကြောင့် အဲဒီလိုလုပ်ရမှာလဲဆိုတာ ကျနော်တော့ မမြင်မိပါဘူး” လို့ ဘရပ်ဆဲလ်စ်မြို့မှာလုပ်တဲ့ ဥရောပသမဂ္ဂ EU ထိပ်သီးအစည်းအဝေးအပြီးမှာ သမ္မတ Macron က သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အတွက် အနောက်နိုင်ငံတွေက ဒဏ်ခတ်အရေးယူမှု အများအပြား ချမှတ်ထားတာကြောင့် အထိနာနေတဲ့ ရုရှားစီးပွားရေးကို ပြန်အသက်သွင်းဖို့ ရုရှားအစိုးရ ရုန်းကန်နေရချိန်မှာပဲ သမ္မတပူတင်ရဲ့ တောင်းဆိုချက် ဒီသီတင်းပတ်အတွင်း ထွက်လာတာပါ။

ဒီတောင်းဆိုချက် ထွက်လာပြီးတဲ့နောက် ဆန်းစစ်လေ့လာတာတွေ ဆက်လုပ်နေတယ်လို့ သမ္မတ Macron က ဆိုပါတယ်။ ဒါပေမယ့် လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်ပါ စာသားတွေက ရှင်းပါတယ်၊ ဒါကို တားမြစ်ထားပါတယ်၊ ဒါကြောင့် ဓာတ်ငွေ့ဝယ်တဲ့ ဥရောပမြေက ဥရောပနိုင်ငံတွေဟာ ယူရိုငွေနဲ့ပဲ ပေးချေရမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

ရုရှားဓာတ်ငွေ့ကို အဓိကဝယ်ယူနေတဲ့ ဂျာမနီနိုင်ငံကလည်း သမ္မတပူတင်ရဲ့ တောင်းဆိုချက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဓာတ်ငွေ့ဖိုး ဘယ်လိုပေးချေရမယ်ဆိုတာ ကန်ထရိုက်စာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်တယ်လို့ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz က သောကြာနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)







XS
SM
MD
LG