သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသူလျှိုသတ်ခံမှု ရုရှားအစိုးရပတ်သက်ဟု ကန် ကာကွယ်ရေးဝန်ကြီး ယူဆ


ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ ရုရှားသူလျှိုဟောင်းနဲ့ သမီးဖြစ်သူတို့ကို အာရုံကြော ထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ရုရှားအစိုးရ ရှိနေတာ သိသာထင်ရှားလွန်းတယ်ဆိုပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis က ရုရှားတို့ရဲ့ အဆင်ခြင်မဲ့တဲ့ လုပ်ရပ်အပေါ် ဝေဖန်ပြောဆိုပါတယ်။

ဒီလုပ်ရပ်ကို အမေရိကန်နိုင်ငံက သံတမန်နည်းနဲ့ တုန့်ပြန်ဆောင်ရွက်ခဲ့ပြီးတဲ့နောက် မနေ့အင်္ဂါနေ့တုန်းက Pentagon စစ်ဌာနချုပ်မှာ ဝန်ကြီး Mattis က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်က သံတမန် အရေခြုံထားတဲ့ ရုရှားထောက်လှမ်းရေးအရာရှိ ၁၅၀ ကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး နောက်ထပ်တခြားနိုင်ငံတွေလည်း အလားတူ ဆက်ပြီး လုပ်ဆောင်ဖို့ အမေရိကန်က မျှော်လင့်ကြောင်း အိမ်ဖြူတော်က မနေ့တုန်းက ပြောဆိုလိုက်ပါတယ်။

ရုရှားအရေး အမေရိကန်က မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဖိအားပေးဆောင်ရွက်နေတဲ့အကြောင်း အိမ်ဖြူတော်ပြောခွင့်ရ Sarah Sanders က ပြောပါတယ်။

သူလျှိုတွေလို့ စွပ်စွဲခံထားရတဲ့ ရုရှားသံဝန်ထမ်း အယောက် ၆၀ အမေရိကန်ပြည်ထောင်စုထဲကနေ တပတ်အတွင်းက ထွက်သွားဖို့ တနင်္လာနေ့တုန်းက အမိန့်ထုတ်ပြန် ကြေညာခဲ့တဲ့အပေါ် ရုရှားကလည်း သူ့ နိုင်ငံတွင်းက အနောက်နိုင်ငံကသံဝန်ထမ်းတွေကို ပြန်ပြီး နှင်ထုတ်မယ့်အကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က မနေ့တုန်းက တုန့်ပြန်ပြောဆိုပါတယ်။

တာဝေးပစ်မစ်ဇိုင်းဒုံးတင် ရေငုပ်သင်္ဘောဆိပ်နဲ့ ရေတပ်အခြေစိုက်စခန်းတို့နဲ့နီးတဲ့ အမေရိကန်ပြည်ထောင်စု Washington ပြည်နယ် ပစိဖိတ်ဆိပ်ကမ်းမြို့ Seattle က ရုရှားသံရုံးကို ဧပြီလ ၂ ရက်နေ့ နောက်ဆုံးထားပြီး ပိတ်ပစ်ဖို့ကိုလည်း အမေရိကန်အစိုးရက အမိန့်ထုတ်ပြန်ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG