သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-မြန်မာ ပူးတွဲ စစ်လေ့ကျင့်မှုအပေါ် သုံးသပ်သူတဦးအမြင် 


ပင်လယ်နက်နဲ့ ကက်စ်ပီယံပင်လယ်မှာ ရုရှားနဲ့ ဘဲလားရုစ်၊ အာမေးနီးယား၊ တရုတ်၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမြင်ကွင်း။ (စက်တင်ဘာ၊ ၂၀၂၂)
ပင်လယ်နက်နဲ့ ကက်စ်ပီယံပင်လယ်မှာ ရုရှားနဲ့ ဘဲလားရုစ်၊ အာမေးနီးယား၊ တရုတ်၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမြင်ကွင်း။ (စက်တင်ဘာ၊ ၂၀၂၂)

လာမယ့်နိုဝင်ဘာလလည်မှာ ကျင်းပမယ့် မြန်မာ-ရုရှား နှစ်နိုင်ငံ ဒုတိယအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဟာ စစ်ကောင်စီက တရုတ်ထက် ရုရှားကို ပိုအားကိုးပြီး ရုရှားအကူအညီနဲ့ အနောက်အုပ်စု ဖိအားကို ရှောင်နိုင်ဖို့လုပ်ဆောင်ချက်လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူတွေက ရှုမြင်ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီဟာ ရုရှားနဲ့ စစ်ရေးလေ့ကျင့်မှုအပါအဝင် ရုရှားနဲ့ မိတ်ဖက်ဆက်ဆံရေး ပိုတိုး လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ရုရှား-မြန်မာ စစ်ရေးဆက်ဆံမှုအပေါ် သုံးသပ်ချက်အမြင် သဘောထား ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ ၂၀ ရက်ကနေ ၂၄ ရက်နေ့အထိ ရုရှား စစ်တပ်က အရာရှိစစ်သည်တွေနဲ့အတူ Harbour Phase ဆိပ်ကမ်းအခြေပြု နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်မှုတွေကို ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီကကြေညာထားပါတယ်။ အခုလိုရုရှား-မြန်မာ ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်ဖို့အတွက် မနေ့ အောက်တိုဘာ (၂၀) ရက်ကရုရှားရဲ့ ပစိဖိတ်ဆိုင်ရာ ရေတပ်စစ်သင်္ဘော အုပ်စုက ထောက်ပံ့ရေး ရေယာဉ်တစီးအပါအဝင် ကော်ဗက်စစ်ရေယာဉ်လေးစီးတို့ဟာ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ဆိုက်ရောက်ရှိလာခဲ့တာပါ။

ဒါဟာ ရုရှားရေတပ်နဲ့ မြန်မာရေတပ်ကြား ဒုတိယအကြိမ် ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း ကပ္ပလီပင်လယ်ပြင်မှာ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ဒီလိုတရားဝင် စစ်ရေးလေ့ကျင့်မှု မတိုင်ခင် နှစ်နိုင်ငံ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွေအနေနဲ့ အောက်တိုဘာလ ၂၁ ရက်ကစလို့ ၅ ရက်ကြာ လေ့ကျင့်နေကြပါတယ်။

အခုလို ရုရှား− မြန်မာပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ရှိလာတဲ့အပေါ်မှာ စစ်ကောင်စီအနေနဲ့ တရုတ်ထပ် ရုရှား ကို ပိုအားကိုးပုံပေါ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အခုလိုသုံးသပ်လိုက်ပါတယ်။

"ရုရှားပဲ အားကိုးမယ်၊ တရုတ်ပဲ အားကိုးလို့မရဘူးဆိုတဲ့ စဉ်းစားချက်က နဝတလက်ထက်မှာ ကတည်းက ရှိတယ်။ခုက ပိုတိုးလာတာပေါ့။ ရှေ့တိုးတာက စကစအတွက်လည်း လိုအပ်ချက် ဖြစ်တယ်။ ရုရှားအတွက်လည်းလိုအပ်ချက်ဖြစ်တယ်။ ရုရှားကလည်းအင်အားစုနေရတယ်။ ဆိုတော့ ပူးပေါင်းဆောင်ရွက်ရေးက တဖြေးဖြေးနဲ့ရှေ့ကို တိုးနေတယ်။ဒီထက်မြန်မြန် တိုးချင်တဲ့ ရည်ရွယ်ချက်တွေလည်း ရှိနိုင်တယ်။ ကမ္ဘာနဲ့ချီခင်းကျင်းပြောင်းလဲမှုအပေါ်မှာ မူတည်တာပေါ့။ ရုရှားကိုပိုပြီးတော့ စိတ်ပါလက်ပါပိုအားကိုးချင်တဲ့ပုံရှိတယ်။"

အခုလို ရုရှား− မြန်မာပူးတွဲစစ်ရေးလေ့ကျင့်မှု နောက်ကွယ်မှာ တဘက်နဲ့တဘက်လိုလားချက်တွေအရ စစ်ရေးအကူအညီဆိုတာထက် ပိုတဲ့ စီးပွားရေး စစ်ရေး နိုင်ငံရေး သံတမန်ရေးတွေကို စစ်ကောင်စီက ထည့်သွင်းစဉ်းစားတဲ့လုပ်ဆောင်မှုအဖြစ် စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ က ရှုမြင်ပါတယ်။

"ရေတိုလိုအပ်ချက်ကိုဖြည့်နိုင်ဖို့ နိုင်ငံရေးအရထောက်ခံမှုအပါအဝင်ပေါ့။ ရေရှည်အတွက်လည်း ရပ်တည်ရေးပေါ့။အနောက်နဲ့လည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ တရုတ်ကိုလည်းအားသာကိုးရတယ်။ စိတ်မချရဘူး။ ရေရှည်အတွက်ကို အင်အားကြီးတွေကြားထဲ ကစားပြီးထိန်းသွားနိုင်ဖို့ တရုတ်နဲ့ရုရှား ကိုဘက်မျှထိန်းနိုင်ရင် အနောက်အုပ်စုကိုလည်းသူရင်ဆိုင်နိုင်ဖို့တွက်တယ်လေ။ ဆန့်ကျင်ဘက်အုပ်စု တွေကြားမှာ စီးမျောနိုင်ရင် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးတို့ ကျောထောက်နောက်ခံ အားတွေ ရနိုင်တယ်လေ။ ရုရှားတို့၊ တရုတ်တို့စဉ်းစားသလို တကမ္ဘာလုံးနဲ့လွှမ်းခြုံတဲ့ ဗျူဟာထဲထိ ဟိုဘက်ကလည်းစဉ်းစားသလို ဒီဘက်ကလည်းပါဖို့ပေါ့။ အားထုတ်တာလည်း ဖြစ်နိုင်တယ်။ ရေတပ် စစ်ရေးလေ့ကျင့်တာနောက်ကွယ်မှာ တကမ္ဘာလုံးစောင့်ကြည့်ရမယ့် အခြေအနေတွေရှိလာနိုင်တယ်။"

ဒေသတွင်းစစ်ရေး လေ့လာသူတွေကတော့ မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံကနေ Su 30၊ MIG-19 နဲ့ Yak တိုက်ခိုက်ရေးလေယာဉ်တွေ ဝယ်ယူနေတယ်လို့ ပြောဆိုပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ရုရှားနဲ့မြန်မာ စစ်ရေးလေ့ကျင့်မှုတွေလည်း ခပ်စိပ်စိပ်ပြုလုပ်လာနေပြီး အခုနှစ်အတွင်း အကြိမ်ပေါင်း ၅၀ ကျော် ပူးတွဲစစ်ရေးလှုပ်ရှားဖို့ စီစဉ်ထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ပြောထားပါတယ်။

ရုရှား−မြန်မာ စစ်ရေးအစမ်းလေ့ကျင့်တာနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ကပ္ပလီပင်လယ်ပြင်မှာ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ပစ်ခတ်တာတွေ လုပ်မှာဖြစ်တဲ့အတွက် လေ့ကျင့်ခန်း လုပ်နေတဲ့ ဧရိယာနဲ့ ငါးမိုင်အတွင်း သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေ၊ စက်လှေနဲ့ ငါးဖမ်းလှေတွေ၊ ရေယာဉ် ရဟတ်ယာဉ်တွေ ဖြတ်သန်းမသွားဖို့လည်း စစ်ကောင်စီက သတိပေးထားပါတယ်။

မြန်မာနိုင်ငံက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလက ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာကိုနိုင်ငံတကာက ကန့်ကွက်ဆန့်ကျင်နေကြချိန်၊ ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြသူတွေကို စစ်တပ်နဲ့ လုံခြုံရေးတပ်တွေက အင်အားသုံးသတ်ဖြတ်ခဲ့တာတွေကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ တောင်းဆိုနေခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သားတွ ထိခိုက်သေဆုံးတဲ့အတွက် နိုင်ငံတကာက လက်နက်တင်ပို့မှု ပိတ်ဆို့ရေး၊ လေယာဉ်ဆီ တင်ပို့မှု ပိတ်ပင်ရေး နိုင်ငံတကာက တောင်းဆိုနေချိန်မှာပဲ ရုရှား မြန်မာ စစ်ရေး သံတမန်ရေးဆက်ဆံမှုက ပိုတိုးလုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG