သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဒုနိုင်ငံခြားရေးဝန်ကြီး မြန်မာစစ်ခေါင်းဆောင်နဲ့တွေ့ဆုံ 


စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrey Rudenko က နေပြည်တော်မှာ လာရောက်တွေ့ဆုံစဥ်။ (ဖေဖေါ်ဝါရီ ၂၀၊ ၂၀၂၄)
စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrey Rudenko က နေပြည်တော်မှာ လာရောက်တွေ့ဆုံစဥ်။ (ဖေဖေါ်ဝါရီ ၂၀၊ ၂၀၂၄)

မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး င်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်ဒရေ ရူဒင်ကို (Andrey Rudenko) နဲ့တွေ့ဆုံပြီး နျူကလီးယားနည်းပညာအပါအဝင် စစ်ကောင်စီနဲ့ ရုရှားကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။

“နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စတဲ့ကဏ္ဍတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရေး” အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်နေ့) တုန်းက နေပြည်တော်မှာ ဆွေးနွေးခဲ့ကြကြောင်း Global New Light of Myanmar သတင်းစာမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ လူမှုရေးနဲ့ ပညာရေးကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံကို ဓာတ်မြေသြဇာ ထောက်ပံ့ရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်အပေါ် အနောက်နိုင်ငံတွေက အရေးယူဒဏ်ခတ်ထားလို့ စစ်ကောင်စီဟာ အဓိက နိုင်ငံတကာ မိတ်ဘက်တွေအဖြစ် တရုတ်နဲ့ရုရှားနှစ်နိုင်ငံကိုပဲ အဓိကအားထားပြီး နီးနီးကပ်ကပ်နဲ့ ဆက်ဆံနေကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။ တဘက်မှာလည်း ယူကရိန်းကို တိုက်ခိုက်နေတဲ့စစ်ပွဲအတွက် လက်နက်လိုအပ်ချက်တွေကြောင့် ရုရှားဟာ မြန်မာစစ်တပ်ဆီကနေ လက်နက်တွေ ပြန်လည်ဝယ်ယူနေတယ်ဆိုတဲ့ သတင်းတွေ အရင်လက ထွက်ခဲ့ပါတယ်။

မြန်မာ အာဏာသိမ်းစစ်တပ်ကလည်း ရုရှား-မြန်မာ ထာဝရ မိတ်ဘက်နိုင်ငံအဖြစ် ကြေညာထားပြီး Mi-35 နဲ့ Mi-17 တိုက်လေယာဉ်တွေအပါအဝင် ရုရှားစစ်လက်နက် အများအပြားကို ဝယ်ယူထားပါတယ်။ မြန်မာစစ်တပ်နဲ့ ရုရှားကြား လက်နက် တင်ပို့ရောင်းချမှုက ဆိုဗီယက်ခေတ်ဟောင်းကတည်းရှိခဲ့ပြီး နောက်ပိုင်းတွေမှာလည်း တရုတ်လက်နက်တွေကို မြန်မာစစ်တပ်က သဘောမကျတာကြောင့် ရုရှားအပေါ် လက်နက်ဝယ်ယူရေးပိုပြီး မှီခိုလာခဲ့ရတယ်လို့ နိုင်ငံတကာက လေ့လာသူတွေက သုံးသပ်ကြပါတယ်။

တပြိုင်တည်းမှာပဲ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ကြား ပဋိပက္ခတွေကြောင့် တိုင်းပြည်အနှံ့မှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေတာပါ။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ အကျပ်အတည်းဆိုက်နေပြီး နိုင်ငံရဲ့ သုံးပုံနှစ်ပုံလောက်မှာ ပဋိပက္ခတွေဖြစ်နေကြောင်း ကုလသမဂ္ဂကလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG