သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကို စစ်ကောင်စီ လက်နက်ပြန်ပို့နေတဲ့ သတင်းထွက်


နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (မတ်လ ၂၇၊ ၂၀၁၇)
နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (မတ်လ ၂၇၊ ၂၀၁၇)

ယူကရိန်းကို တိုက်ခိုက်နေတဲ့ စစ်ပွဲအတွက် လက်နက်လိုအပ်ချက်တွေကြောင့် မြန်မာနိုင်ငံက ရုရှားကို လက်နက်တွေ ပြန်ပို့နေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရုရှားကို ပြန်ပို့တဲ့အထဲမှာ မြန်မာစစ်တပ်ထုတ် မိုင်းတွေနဲ့ မော်တာကျည်တွေပါ ပါဝင်တယ်လို့လည်း ရုရှားက သတင်းတွေကို ကိုးကားပြီး Asia News သတင်းဌာနက ဖော်ပြခဲ့တာပါ။ မြန်မာက လက်နက်တွေ ပြန်ပို့နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ၂ နိုင်ငံ အာဏာပိုင်တွေကတော့ တစုံတရာ ပြောဆိုတာ မရှိပါဘူး။

ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တဲ့ ရုရှားရဲ့ စစ်ပွဲအတွက် လိုအပ်နေတဲ့ စစ်လက်နက်ပစ္စည်းတွေ၊ ဒရုန်းယာဉ်တွေကို ရုရှားက အီရန်၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ နိုင်ကွာရာဂွာ စတဲ့ နိုင်ငံတွေကနေ ဝယ်ယူတင်သွင်းနေရတဲ့ ရုရှားဟာ အစောပိုင်းက မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ရောင်းချပေးခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာ သူကိုယ်တိုင် လက်နက်တွေ လိုအပ်လာတဲ့အတွက် ရုရှားနဲ့ စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချရေး သဘောတူ စာချုပ်ချုပ်ဆိုထားတဲ့ မြန်မာစစ်တပ်ဟာလည်း တခြားနိုင်ငံတွေနည်းတူ ရုရှားကို လက်နက်တွေ ပြန်ပေးရတဲ့ အခြေအနေကို ဆိုက်ရောက်လာတာပါ။ ရုရှားသတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေအရ မြန်မာလုပ် အမြောက်ကျည်တွေ ရုရှားက ယူကရိန်းစစ်ပွဲ ရှေ့တန်းနေရာတွေမှာပါ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

ဆိုဗီယက်ပြည်ထောင်စုခေတ်ကတည်းက မြန်မာစစ်တပ်ကို တင့်ကားတွေ၊ သံချပ်ကာကားတွေ အစောပိုင်းက အများအပြား ရောင်းချပေးခဲ့တာပါ။ နောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးတဲ့နောက်မှာတော့ မြန်မာစစ်တပ်ဟာ တရုတ်နိုင်ငံက လက်နက်တွေ ဝယ်ယူခဲ့တာမှာ တရုတ်တို့ကလည်း မြန်မာနိုင်ငံအတွင်း သူတို့ရဲ့ကုမ္ပဏီတွေ ဝင်ရောက် လုပ်ကိုင်ခွင့်အပါအဝင် မြန်မာ ဗုဒ္ဓဘာသာဝင်တွအကြား လေးစားရိုသေမှုရရှိထားတဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ဆိုင်တဲ့ သတင်းတွေ လုံးဝဖော်ပြခြင်းမပြုဖို့ ပြန်လည် တောင်းဆိုခဲ့တယ်လို့ ရုရှား-မြန်မာ ဆက်ဆံရေးကို လေ့လာ စောင့်ကြည့်နေသူတွေက ဆိုပါတယ်။ တရုတ်လက်နက်တွေရဲ့ အရည်အသွေးကို သဘောမကျတဲ့ မြန်မာစစ်တပ်ဟာ နောက်ပိုင်းမှာ ဆားဘီးယားနဲ့ အိန္ဒိယနိုင်ငံတို့က စစ်လက်နက်တွေပါ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှား-မြန်မာ ထာဝရ မိတ်ဘက်နိုင်ငံအဖြစ် တည်ဆောက်ပြီး Mi-35 နဲ့ Mi-17 တိုက်လေယာဉ်တွေအပါအဝင် ရုရှားစစ်လက်နက် အများအပြားကို ဝယ်ယူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG