သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ဒုံးကျည်တိုက်ခိုက်မှု ယူကရိန်းမှာ ၄ ဦးသေ


ယူကရိန်းနိုင်ငံ Kyiv မြို့တော်မှာ ရုရှားဘက်က ဒုံးကျည်နဲ့ တိုက်ခိုက်အပြီး မီးလောင်နေတဲ့ မြင်ကွင်းတခု (ဇန်နဝါရီ ၂၊ ၂၀၂၄)
ယူကရိန်းနိုင်ငံ Kyiv မြို့တော်မှာ ရုရှားဘက်က ဒုံးကျည်နဲ့ တိုက်ခိုက်အပြီး မီးလောင်နေတဲ့ မြင်ကွင်းတခု (ဇန်နဝါရီ ၂၊ ၂၀၂၄)

ယူကရိန်းနိုင်ငံက Kyiv နဲ့ Kharkiv မြို့တွေကို ရုရှားဘက်က ပြင်းထန်တဲ့ ဒုံးကျည်တိုက်ခိုက်မှု လုပ်ခဲ့တဲ့အတွက် လူ ၄ ဦး သေဆုံးပြီး၊ လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိ သူတွေက ဒီနေ့ပဲပြောပါတယ်။ ရုရှားတပ်ဖွဲ့က လေယာဉ်တွေနဲ့ ပင်လယ်ပြင်ကနေ ပစ်လွှတ်ရတဲ့ ဒရုန်းတွေအပါအဝင် ဒရုန်း ၃၅ စင်းနဲ့ ဒုံးကျည် ၉၉ စင်းကို အသုံးပြုတိုက်ခိုက်ခဲ့ပေမဲ့ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဒုံးကျည် ၇၂ လုံးကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။ ဒေသခံတွေကို ဘေးလွတ်ရာမှာ ရှောင်တိန်းဖို့ နာရီနဲ့ချီတဲ့ သတိပေးချက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

“ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း Shahed ဒရုန်းပေါင်း ၁၇၀ နဲ့ ဒုံးကျည် ဒါဇင်ပေါင်းများစွာကို ပစ်ခတ်ခဲ့ပြီး၊ ရုရှားတို့ဟာ အရပ်သားတွေနဲ့ အခြေခံဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

ဒဏ်ရာရသူပေါင်း ၉၂ ဦး ရှိနေပြီး၊ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးကို မြှင့်တင်နိုင်ဖို့အတွက် ယူကရိန်းပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားတဲ့ ကမ္ဘာတဝှမ်းရှိ ဘယ်သူတဲ့မဆို လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း သမ္မတ Zelenskyy က ပြောပါတယ်။ Kyiv မြို့တော်ဝန် Vitali Klitschko ကလည်း ဒုံးကျည်ရဲ့ အပျက်အစီးတွေကြောင့် အနည်းဆုံး လူ ၂၀ လောက် ဒဏ်ရာရခဲ့ပြီး၊ မြို့တော်ရှိ အထပ်ပေါင်းများစွာပါတဲ့ အဆောက်အဦ အပါအဝင် အနည်းဆုံး ခရိုင်ငါးခုမှာ မီးလောင်မှုတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံ Belgorod မြို့မှာ စနေနေ့က လူ ၂၄ ဦး သေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ယူကရိန်းတိုက်ခိုက်မှုအပြီး ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ယူကရိန်းကို အရှိန်မြှင့်တိုက်ခိုက်မယ်လို့ ဒီနေ့ပဲ ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG