သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်သင်္ဘောအုပ်စုရဲ့ မြန်မာချစ်ကြည်ရေးခရီး သုံးသပ်ချက်


တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာ
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ-၂၈
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာ နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ-၂၈

စစ်ရေယာဉ်ဝန်ထမ်း ၇၀၀ နီးပါးလိုက်ပါလာတဲ့ တရုတ်စစ်သင်္ဘောသုံးစီးဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအနေနဲ့ ရောက်နေပြီး စစ်ကောင်စီရေတပ်အပါအဝင် နှစ်နိုင်ငံ ချစ်ကြည်ရေးအဖွဲ့တွေ၊ တရုတ်စစ်သံမှူးအဖွဲ့တွေက ကြိုဆိုခဲ့ကြပါတယ်။ နယ်စပ်လုံခြုံရေးအတွက် မြန်မာနယ်စပ်နားမှာ စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်ဟာ တဖက်မှာလည်း စစ်ကောင်စီနဲ့ သံတမန်ရေးအရ စကားပြောဆိုနေတာတွေ ဆက်တိုက်ရှိနေပါတယ်။ လက်ရှိ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ်ချည်းကပ်မှုနဲ့ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ချက်ကို ကို ဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တရုတ်ရေတပ်က ဖျက်သင်္ဘောတစီး၊ ဖရီးဂိတ်တစီး၊ ထောက်ပံ့ရေးယာဉ်တစီး စုစုပေါင်း သုံးစီးဟာ မနေ့က တနင်္လာနေ့ နေ့လယ်မှာ ရန်ကုန်ရောက်လာကြောင်း ပြောပါတယ်။ စစ်ကောင်စီရေတပ်က အရာရှိတွေ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအဖွဲ့တွေနဲ့ တရုတ်သံရုံးက စစ်သံမှူးတွေ ကြိုဆိုခဲ့ကြောင်း ပြောပါတယ်။ ဒီခရီးစဉ်ထဲမှာ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေလုပ်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

"မြန်မာနိုင်ငံထဲမှာ ချစ်ကြည်ရေးခရီးလည်ပတ်မှု၊ လေ့လာမှု၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေ ဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော် နိုင်ငံတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူငါးရပ်ကို လေးစားလိုက်နာပြီး နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်နှစ်ရပ်ကြားမှာ ခိုင်မာတဲ့ ချစ်ကြည်ရင်းနှီးမှုရှိတဲ့ နိုင်ငံတွေဖြစ်ကြောင်း ပြောကြားလိုပါတယ်။"

တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong ဟာ အခု နိုဝင်ဘာလ ၃ ရက်မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့တွေ့ခဲ့ပါတယ်။ အဓိကတော့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးဖို့ ရည်ရွယ်ထားတဲ့ တရုတ်-မြန်မာ ရထားလမ်းစီမံကိန်းတွေရှိတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးလုပ်ဖို့ ဖိအားပေးခဲ့တာပါ။ ဒါဟာ တရုတ်-မြန်မာ နယ်စပ်ပေါ်က ကချင်လက်နက်ကိုင် KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပြီးနောက်မှာ တရုတ်က သတိပေးလာတာ ဖြစ်ပါတယ်။ အခု တရုတ်စစ်သင်္ဘော မြန်မာနိုင်ငံလာတဲ့ကိစ္စမှာလည်း အမြင်အမျိုးမျိုး ရှိနေပါတယ်။

တရုတ်-မြန်မာအရေး ကျွမ်းကျင်သုံးသပ်သူဖြစ်တဲ့ ဒေါက်တာ လှကျော်ဇောကတော့ တရုတ်ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ရေတို၊ ရေရှည် ဆက်ဆံရေးနဲ့ သွားနေတာဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်အပါအဝင် နိုင်ငံတချို့နဲ့ စစ်ရေးပူးပေါင်း လေ့ကျင့်မှုတွေအပါအဝင် မြန်မာစစ်တပ်နဲ့ သံတမန် ဆက်ဆံရေးဟာ ရေရှည်စီမံကိန်းထဲက တခုဖြစ်နိုင်ကြောင်း သူကပြောပါတယ်။ မြန်မာရဲ့ မြောက်ပိုင်းပြဿနာကတော့ အခုမှ ပေါ်လာတဲ့ကိစ္စတခုသာဖြစ်ကြောင်း သူကပြောပါတယ်။

" သူက (တရုတ်က) တောက်လျှောက် ပြောလာတာလေ၊ အခုနောက်ဆုံး ရှီကျင့်ပင်တင်တဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ အဆိုပြုချက်ဆိုတာမှာလည်း သူက ဒါပဲ ကမ္ဘာပေါ်က ပဋိပက္ခတွေ အချုပ်အခြာ နယ်မြေနဲ့ပတ်သက်တဲ့ ကိစ္စတွေပဲဖြစ်ဖြစ်၊ လူမျိုးရေး ပဋိပက္ခတွေပဲဖြစ်ဖြစ် အပြန်အလှန် ဘက်နှစ်ဘက်၊ ဘက်သုံးဘက်ကပဲဖြစ်ဖြစ် စားပွဲပေါ်မှာ အပြန်အလှန်ဆွေးနွေးပြီး ကြားတနေရာမှာ ဆုံနိုင်အောင် ကြိုးစားပါဆိုတဲ့ စကားမျိုးတွေပါတယ်။ အဲဒီတော့ ဗမာပြည်ကိုလည်း သူက ပြောရိုးပြောစဉ် ပြောမှာပေါ့နော်။ အဲဒီတော့ နိုင်ငံတိုင်းက သူ့နိုင်ငံအကျိုးစီးပွားပေါ်က ပြောတာဖြစ်တာကိုး၊ ကျမတို့ကလည်း ကျမတို့နိုင်ငံ အကျိုးစီးပွားပေါ်ကပဲ လုပ်စရာရှိတာ လုပ်ရမယ်။ ကျမတို့ ဗမာပြည်သူတွေအနေနဲ့ ဒီစစ်အာဏာရှင်စနစ် မရှိမှ ဖြစ်မယ်ဆိုတာ ပြတ်ပြတ်သားသား မြင်ပြီး ပြတ်ပြတ်သားသား ဆက်လုပ်ဖို့ပဲရှိတယ်။ ဒီအတွက် ဝေဝါးစရာမလိုဘူးလို့ ထင်ပါတယ်။"

အငြိမ်းစား အရာရှိတဦးဖြစ်သလို နိုင်ငံရေးသုံးသပ်သူလည်းဖြစ်တဲ့ ဒေါက်တာအောင်မျိုးကတော့ တရုတ်အစိုးရဟာ တပြိုင်နက်တည်းမှာ မူဝါဒနှစ်မျိုးကို ကျင့်သုံးနေတယ်လို့ သူ့အမြင်ကို ပြောပြပါတယ်။ မြန်မာနိုင်ငံမှာ နယ်စပ်ပြဿနာတွေ ရှိနေပေမဲ့ ကုန်းတွင်းပိုင်း ယူနန်ပြည်နယ်နဲ့ စီးပွားရေး၊ မြန်မာဆီက စွမ်းအင်မှီခိုနေရမှု၊ မြန်မာကိုဖြတ်ပြီး ဘင်္ဂလားဒေရှ့်တို့ အာဖရိက အရှေ့ခြမ်းတို့နဲ့ အကျိုးစီးပွား ဆိုင်ရာကိစ္စတွေကြောင့် မြန်မာနိုင်ငံဟာ တရုတ်အတွက် မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်နေကြောင်း ပြောပါတယ်။

"အမေရိကန်ကတော့ မီးစတဖက်၊ ရေမှုတ်တဖက် မလုပ်တတ်ဘူး။ တရုတ်ကတော့ ဟိုတုန်းက မီးစတဘက်၊ ရေမှုတ်တဘက် လုပ်ခဲ့ဖူးတဲ့သဘောထားရှိတယ်။ တရုတ်နဲ့ မြန်မာက ထောက်ထားရမဲ့ အချက်တွေက တော်တော်ကြီးတယ်။ ဒီသင်္ဘောတွေကထွက်လာရင် အနည်းဆုံး လေး-ငါး-ခြောက်ရက်က မောင်းရမယ်။ အဲဒီတော့ ကျနော့အမြင်ကတော့ ဒါက မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ တရုတ်ဗဟိုအစိုးရအနေနဲ့က ရှင်းရှင်းလင်းလင်းပဲ မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရအပေါ်မှာ ထောက်ခံမှုကို ပြသဖို့အတွက် ဒီသင်္ဘာတွေကို စေလွှတ်လိုက်တာလို့ ကျနော်တို့မြင်တယ်။ မြောက်ပိုင်းသုံးဖွဲ့အပေါ်မှာ သူ့အနေနဲ့ ဘယ်လောက် ဩဇာလွှမ်းမိုးသလဲဆိုတာကတော့ အသေးစိတ်ကို မသိနိုင်ဘူး၊ သေချာတာကတော့ အကျင့်ပျက်ခြစားတဲ့ အဖွဲအစည်းတွေ နောက်ပြီး ယူနန်ပြည်နယ်မှာရှိတဲ့ အစိုးရက လုပ်ပိုင်ခွင့်တချို့အပိုင်းတွေမှာ မသိချင်ယောင်ဆောင်ပြီး လုပ်သလားဆိုတဲ့ အပိုင်းတွေကတော့ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့လိုတယ်လို့ သုံးသပ်ပါတယ်။"

တရုတ်အစိုးရရဲ့ သူ့နယ်စပ်လုံခြုံရေးအတွက် စစ်ရေးလေ့ကျင့်မှုတွေမှာ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ထဲက MNDAA အဖွဲ့ ပါဝင်ပတ်သက်လိမ့်မယ်လို့ မထင်ကြောင်း သူကပြောပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျောဇောကလည်း တရုတ်အစိုးရဟာ စစ်ကောင်စီကိုသာ အသိအမှတ်ပြုပြီး MNDAA ကို အသိအမှတ်ပြုထားတယ် ဆိုတဲ့ ပြောဆိုသံ မကြားရကြောင်း ဗွီအိုအေကို ပြောပါတယ်။ တကယ်လို့ MNDAA နဲ့ ဆက်ဆံရတယ် ဆိုရင်လည်း တရုတ်အစိုးရဟာ သူ့နယ်စပ်နားက စစ်ဘေးရှောင်ကိစ္စတွေကိုသာ ပြောဆိုမျိုး ရှိနိုင်ကြောင်း သူကပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်သိန်းမြင့်ကတော့ တရုတ်စစ်သင်္ဘောသုံးစီးရဲ့ ခရီးစဉ်ဟာ နိုင်ငံတကာ ဆက်ဆံရေးပုံရိပ်အောက်မှာ တရုတ်ရဲ့ လက်တွေ့ကျကျ ချဉ်းကပ်မှုတခုဖြစ်ပြီး နိုင်ငံကြီးတခုအနေနဲ့ နိုင်ငံတကာရဲ့ ဝေဖန်မှုကို ရှောင်ရှားလိုတဲ့ နည်းလမ်းတခုလို့ မြင်မိကြောင်း ဗွီအိုအေကို ပြောပါတယ်။

"insurgent group ပေါ့နော် ပုန်ကန် တော်လှန်သူဘက်ကို နိုင်ငံကြီးတနိုင်ငံက ပေါ်ပေါ်တင်တင် ရပ်တည်ပြီးတော့ တည်ဆဲ အာဏာစွဲကိုင်ထားသူဘက်ကို ဘက်ကန်တယ်ဆိုတဲ့ အမြင်မျိုးကတော့ ရေရှည်နိုင်ငံတကာ အမြင်မှာ ပြဿနာရှိတယ်ပေါ့နော်။ အဲဒီလိုဟာမျိုး မဖြစ်ရလေအောင် နိုင်ငံတကာအမြင်မှာလည်း တင့်တယ်အောင် စကစဘက်ကိုလည်း တချို့ကိစ္စတွေမှာ ချွေးသိပ်တဲ့ပုံမျိုးဖြစ်အောင် လာတယ်လို့ထင်တယ်။ လောလောဆယ်ကိုက (တရုတ်က) စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာရှိတယ်။ တင်းမာမှုတွေရှိတယ်ပေါ့။ အဲဒါတွေကိုလုပ်ဖို့အတွက် သွားလာလှည့်ပတ် လုပ်ကိုင်ရင်းနဲ့ပဲ မြန်မာအစိုးရလို့ လက်ရှိသတ်မှတ်ခံထားရတဲ့ စကစနဲ့ ချိတ်ဆက်ပြီးတော့ နှစ်နိုင်ငံချစ်ကြည်ရေး ပုံရိပ်ပေါ့နော်။ နိုင်ငံတကာ ဆက်ဆံရေး စင်မြင့်ထက်မှာ ပုံရိပ်မြင့်တက်စေဖို့ လာတဲ့ရီးစဉ်လို့ မြင်တယ်။"

ရန်ကုန်ရောက်လာတဲ့ တရုတ်စစ်သင်္ဘောသုံးစီးဟာ ချစ်ကြည်ရေးခရီးစဉ်ကို လေးရက်ကြာ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီနေ့ အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။ ဒါက ခြောက်ကြိမ်မြောက်ဖြစ်ပြီး ဒီခရီးစဉ်ထဲမှာ မြန်မာတပ်မတော်က အဆင့်မြင့်အရာရှိတွေနဲ့ ဆွေးနွေးတာ၊ မူလတန်းကျောင်းက ဆရာတွေ ကျောင်းသားတွေနဲ့ တွေ့ဆုံတာ၊ ရေတပ်အရာရှိချင်း ကျွမ်းကျင်မှု ဖလှယ်တာ၊ အားကစားပြိုင်ပွဲကျင်းပတာတွေ လုပ်သွာမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

မြန်မာစစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ သတင်းဌာနတချို့မှာတော့ တရုတ်စစ်သင်္ဘောသုံးစီးရဲ့ ခရီးစဉ်မှာ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ရေးသားကြပါတယ်။ အခုနိုဝင်ဘာလ ၇ ရက်ကလည်း ရုရှားရဲ့ စစ်သင်္ဘောသုံးစီး ရောက်ရှိလာပြီး မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေး ပူးတွဲလေ့ကျင့်မှုကို ပထမဆုံးအကြိမ် လုပ်ခဲဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG