သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေး


ရုရှားနိုင်ငံ မော်စကိုမြို့တော်ကိုရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ကို ပူးတွဲသတင်းစာရှင်းပွဲအတွင်းတွေ့ရစဉ် (စက်တင်ဘာ ၁၄၊ ၂၀၂၃)
ရုရှားနိုင်ငံ မော်စကိုမြို့တော်ကိုရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ကို ပူးတွဲသတင်းစာရှင်းပွဲအတွင်းတွေ့ရစဉ် (စက်တင်ဘာ ၁၄၊ ၂၀၂၃)

နယ်မြေခိုင်မြဲအောင် ရုန်းကန်လှုပ်ရှားရတဲ့ စိန်ခေါ်မှုချင်း တူညီတဲ့အတွက် ရုရှား မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေ အောင်မြင်နေတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။ ရုရှားနိုင်ငံမော်စကို မြို့တော်ကိုရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးသန်းဆွေက ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံအပြီး ပူးတွဲသတင်းစာရှင်းပွဲမှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ရုရှား မြန်မာ ၇၅ နှစ်ကြားဆက်ဆံရေးကာလအတွင်း အခုကာလဟာ အကောင်းဆုံး ဆက်ဆံရေးတည်ဆောက်နိုင်တဲ့ကာလဖြစ်တယ်လို့ ဝန်ကြီးဦီးသန်းဆွေက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့အပါအဝင် နိုင်ငံတကာရဲ့ ဝေဖန် ဖယ်ကျဉ်မှုခံနေရသလို၊ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ လုပ်နေချိန်မှာ ၂ နိုင်ငံဆက်ဆံရေး ပိုတိုးတက်လာပုံရပါတယ်။ စစ်ကောင်စီကတော့ ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားဖက်က ရပ်တည်တယ်လို့ ပြောကြားထားပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပါတ်သက်လို့ မြန်မာနိုင်ငံနဲ့ အမြင်သုံးသပ်ချက်တူညီတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကပြောကြားကြောင်း ရုရှားကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ မိတ်ဆွေမြန်မာနိုင်ငံရဲ့ မျှတ အပြုသဘောဆောင်တဲ့ ရပ်တည်ချက်ကို အသိအမှတ်ပြုတယ်လို့ ဝန်ကြီးဦးသန်းဆွေနဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းပွဲမှာ Sergey Lavrov ပြောကြားခဲ့တာဖြစ်ပါတယ်။ မော်စကို ခရီးစဉ်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကိစ္စရပ်တွေနဲ့ပါတ်သက်လို့ ကောင်းမွန်တဲ့ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကလည်း ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောကြားပါတယ်။ ၂ နိုင်ငံ ပြည်သူတွေကြား ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်ရေးကို အဓိက ပြောကြားခဲ့တာမှာ အစိုးရချင်းနားလည် ယုံကြည်သလို ပြည်သူချင်း ယုံကြည်မှုရှိရင် အနာဂါတ်အတွက် အကျိုးရှိမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးရဲ့အလယ်မှာရှိနေတဲ့ မြန်မာနိုင်ငံမှာ ရုရှားက နည်းပညာနဲ့ ရင်းနှီးမြှပ်နှံမှုတွေဆောင်ရွက်မယ်ဆိုရင် ၂ နိုင်ငံအတွက် အကျိုးများနိုင်တယ်လို့လည်း ဝန်ကြီး ဦးသန်းဆွေက မော်စကိုမြို့တော်မှာ ပြောကြားသွားခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ဘက်ကလည်း နိုင်ငံရေး၊ ကုန်သွယ်ရေး စီးပွားရေးအပြင်၊ ကာကွယ်ရေးနဲ့ လုံခြုံရေးပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ ဆွေးနွေးခဲ့ပါတယ်။

ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ လူသားချင်းစာနာကူညီရေးပိုင်းသာမက နျူးကလီးယားအရေးမှာပါ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်အောင် ကြိုးစားနေတယ်လို့ TASS သတင်းက ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ နျူးကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရုရှားအစိုးရပိုင် Rosatom နဲ့ မကြာခင် သဘောတူညီမှု ရဖို့မျှော်လင့်တယ်လို့ ရုရှားသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG