သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့ ရုရှားမှာဆန္ဒပြ


ရုရှားမှာဆန္ဒပြသူများ (စက်တင်ဘာ၊ ၁၈၊ ၂၀၁၉)
ရုရှားမှာဆန္ဒပြသူများ (စက်တင်ဘာ၊ ၁၈၊ ၂၀၁၉)

ရုရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အစိုးရ ဆန့်ကျင်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၂၀,၀၀၀ လောက် ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ အရင်က အာဏာပိုင်တွေ ဆန္ဒြုပခွင့် ပိတ်ပင်ထားခဲ့တဲ့ မော်စကိုမြို့လယ်မှာ ချီတက်ဆန္ဒပြခဲ့သူတွေက အားလုံးပြန်လွှတ်ပေးလို့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

အတိုက်အခံနဲ့ တသီးပုဂ္ဂလဆန္ဒပြသူ ၁၀ ယောက်ထက်မနည်းကို တာဝန်ရှိသူတွေက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုခဲ့တာကြောင့် ဇူလိုင်လတုန်းက အကြီးအကျယ် ဆန္ဒပြပွဲတွေဖြစ်ခဲ့စဉ် အမြောက်အများ ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီတုန်းက ဆန္ဒပြသူ ၆၀,၀၀၀ လာက်အထိရှိခဲ့ပြီး ရုရှားသမ္မတ Vladimir Putin ရဲ့အုပ်ချုပ်မှုအပေါ် မကျေနပ်ဘူးဆိုတာကို ပြသခဲ့ကြပါတယ်။

ရဲတွေအကြမ်းဖက်ဖြိုခွင်းမှုမှာ ၂,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အများစု ပြန်လွတ်လာခဲ့ပေမဲ့ ၁၂ ယောက်ထက်မနည်းကို အဓိကရုဏ်းဆိုင်ရာ ပုဒ်မတွေနဲ့ တရားစွဲပြီး တချို့ကို ထောင်ဒဏ် ၄ နှစ်အထိ ချခဲ့ပါတယ်။ အမှုမစီရင်ရသေးသူတချို့လည်း ဆက်လက် ဖမ်းဆီးခံထားရသလို တချို့က နေအိမ် အကျယ်ချုပ်ချခံထားရပါတယ်။

ပြည့်သူ့အင်အားကို ယုံယုံကြည်ကြည် ပြသနိုင်ရင် ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်လာမှာ ဖြစ်တယ်လို့ လူသိများတဲ့ အတိုက်အခံခေါင်းဆောင် Alexei Navalny က တနင်္ဂနွေနေ့က ဆန္ဒပြလူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဇူလိုင်လက ဆန္ဒပြပွဲတွေဟာ ရုရှားမှာ နှစ်ပေါင်းများစွာအတွင်း အကြီးကျယ်ဆုံး အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေဖြစ်ခဲ့တာကြောင့် အဲဒီအရှိန်ကို ဆက်ထိန်းထားဖို့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲ စီစဉ်သူတွေက မျှော်လင့်ကြပါတယ်။ တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေကို မော်စကိုမြို့တော်ဝန်ရုံးက ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူရှိတယ်ဆိုတဲ့ သတင်းတော့ မကြားရပါဘူး။

[Unicode Version]







တိုက်ရိုက် လင့်ခ်
XS
SM
MD
LG