သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီက ရုရှားကိုစစ်လက်နက်များပြန်ပို့ခဲ့


ရုရှားတောင်ပိုင်း Krasnodar ဒေသတွင်းမှာ စစ်သားစုဆောင်းရေးတပ်ဖွဲ့ဝင်တယောက် သေနတ်ပစ်လေ့ကျင့်နေစဥ်။ (အောက်တိုဘာ ၂၁၊ ၂၀၂၂)
ရုရှားတောင်ပိုင်း Krasnodar ဒေသတွင်းမှာ စစ်သားစုဆောင်းရေးတပ်ဖွဲ့ဝင်တယောက် သေနတ်ပစ်လေ့ကျင့်နေစဥ်။ (အောက်တိုဘာ ၂၁၊ ၂၀၂၂)

မြန်မာစစ်ကောင်စီအနေနဲ့ ရုရှားကို လက်နက်တွေ ပြန်ပို့ပေးနေတဲ့ အထောက်အထားတွေ တွေ့ထားတယ်လို့ စစ်ရေးစောင့်ကြည့်နေသူတွေက ပြောပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲအတွက် လိုအပ်လာတာကြောင့် မြန်မာကို အရင် ရောင်းထားတဲ့ လက်နက်တချို့ကို ပြန်တောင်းဝယ်ယူခဲ့တယ်လို့ ရုရှားအခြေစိုက် Asia News သတင်းစဉ်မှာ တနေ့ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာထုတ် မော်တာကျည်နဲ့ မိုင်းတွေလည်း ရုရှားကိုပို့တဲ့အထဲပါခဲ့တယ်လို့ Asia News ကရေးသားဖော်ပြခဲ့သသလို စစ်ရေးစောင့်ကြည့်နေသူတွေကလည်း မြန်မာထုတ် လက်နက်ကြီးနဲ့ စစ်အသုံးအဆောင်တွေပို့ခဲ့တယ်လို့ ပြောပါတယ်။ ကိုဝင်းမင်းက မေးမြန်းတင်ပြပေးထားပါတယ်။

ဟုတ်ကဲ့၊ ဒီ ရုရှားမြန်မာဆက်ဆံရေးထဲ အခုလို ထူးခြားမှုကို ICG နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ မြန်မာဆိုင်ရာ အကြီးတန်း အကြံပေး Richard Horsey က အခုလို စရှင်းပြပါတယ်။

"ရုရှား-မြန်မာဆက်ဆံရေးမှာ မျှော်လင့်မထားခဲ့တာက ပြီးခဲ့တဲ့နှစ်တွေအတွင်း ရုရှားကနေ မြန်မာစစ်တပ်ကို လက်နက်တွေ အကြီးအကျယ်ပို့လာခဲ့တာအပြင် ယူကရိန်းကိုကျုးကျော်စစ် စအပြီးကတည်းကဆိုရင် မြန်မာဘက်ကလည်း ရုရှားကို လက်နက်တွေ ပို့ပေးခဲ့ပါတယ်။"

ဒီအပေါ် မြန်မာစစ်တပ် အရာရှိဟောင်းတချို့ကတော့ အရင်ပြန်ပို့တာရှိနိုင်ပေမဲ့ အခု ၁၀၂၇ ရှမ်းမြောက်ညီနောင်သုံးဖွဲ့ စစ်ဆင်ရေးအပြီး လက်နက်လိုအပ်ချက်များလာတာကြောင့် အခုတော့ ပြန်ပို့ဖို့ မဖြစ်နိုင်သလောက်ကို ခက်နိုင်တယ်လို့ ထောက်ပြပါတယ်။
ဒါပေမဲ့ ရုရှား Asia News သတင်းကတော့ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ ရရှားရဲ့ စီးပွားရေးဖိုရမ်မှာတွေ့စဉ် အခုလို လိုအပ်ချိန် ပြန်ပို့ပေးဖို့ ပြောခဲ့ပြီး အိန္ဒိယလည်း အလားတူ မကြာခင်ကပဲ ပြန်ပို့ပေးတယ်လို့ ဆိုပါတယ်။

ICG အကြီးတန်းအကြံပေး Richard Horsey ကလည်း ရုရှားလိုအပ်ချိန် အခုလို ပြန်ပို့တာအပြင် မြန်မာထုတ် လက်နက်ပစ္စည်းတွေပါ ပို့ပေးခဲ့တယ်လို့ ဆက်ပြောပါတယ်။

"ရုရှားအနေနဲ့ ယူကရိန်းစစ်အတွက် လက်နက်ကြီးကျည်နဲ့ တခြားခဲယမ်းကျည်ဆံတွေ အကြီးအကျယ်လိုလာခဲ့တာ ကျနော်တို့ သိထားပါတယ်။ ပြီးတော့ မြန်မာအနေနဲ့လည်း ရုရှားကရိယာတွေရှိထားပြီး ရုရှားအဆင့်ရှိတဲ့ ဒီ လက်နက်ကြီးကျည်နဲ့ တခြားခဲယမ်းတချို့ကို ထုတ်လုပ်နေပါတယ်။ အဲ့ဒီတော့ မြန်မာကာကွယ်ရေးစစ်ပစ္စည်းစက်ရုံ တံဆိပ်ပါတဲ့ လက်နက်ကြီးကျည်တချို့ယူကရိန်း စစ်မြေပြင်မှာတွေ့ရှိခဲ့ပါတယ်။ ဒီ မြန်မာထုတ် ကျည်နဲ့ ခဲယမ်းတွေ ရုရှားကို ပို့လာခဲ့တာ ကျနော်တို့ သိထားပါတယ်။"

အမည်မဖော်လိုတဲ့ မြန်မာစစ်ရေးစောင့်ကြည့်နေသူတဦးကလည်း ဒီ မော်တာကျည်၊ မိုင်းနဲ့ လက်နယ်ငယ် ကျည်ဆံခဲယမ်းတွေ ပြည်ပတင်ပို့ဖို့ ကိုဗစ်မတိုင်ခင်က မြန်မာဘက်ကနေ လိုအပ်တဲ့ ထုတ်ပိုးပစ္စည်းတွေ အိမ်နီးချင်းနိုင်ငံတွေက မှာယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလို အခြေအနေမှာ မြန်မာစစ်ကောင်စီအနေနဲ့ ရုရှားကိုပြန်ရောင်းလိုတဲ့ဆန္ဒရှိနိုင်တယ်လို့ စီးပွါးရေးပညာရှင် ဦးစိန်ဌေးက သုံးသပ်ပါတယ်။

"မြန်မာနိုင်ငံက ရုရှားကို လက်နက်ပစ္စည်းတွေ ရောင်းချတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ရုရှားနဲ့အပြန်အလှန် လက်နက်အကူညီ- ရုရှားဆီက လေယာဉ်တွေဝယ်မယ်၊ လက်နက် အမြောက်ကြီးတွေဝယ်တယ်၊ လက်နက်ကြီးတွေပါ့လေ။ ဒီဘက်က လက်နက်အသေးတွေ ဗုံးတို့လို၊ အမြောက်ဆံတို့လို ပြန်ရောင်းတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ ဒီစကစမှာ နိုင်ငံခြားငွေက အရမ်းလိုအပ်နေတယ်။ နိုင်ငံခြားငွေ ရပေါက်ရလမ်း ဘယ်လမ်းကဖြစ်ဖြစ် ရှာရမှာဖြစ်တဲ့အတွက်ကြောင့် စကစအနေနဲ့ ရုရှားဆီကနေပြီးတော့မှ နိုင်ငံခြားငွေပြန်ရဖို့၊ တနည်းပြောရလို့ရှိရင် သူတို့ဆီက လက်နက်ကြီးတွေဝယ်မယ်၊ ဒီဘက်က လက်နက်ငယ်တွေ ပြန်ပြီးတော့မှာ Barter systerm (ကုန်ချင်းဖလှယ်တဲ့စနစ်) လိုပဲဖြစ်ဖြစ်ပေါ့နော်၊ အဲလိုမျိုးနဲ့ အရောင်းအဝယ် အလဲအလှယ်လုပ်တယ်ဆိုတာက ဒါက ဧကံမုချ ဖြစ်နိုင်တဲ့အနေအထား ရှိပါတယ်ခင်ဗျ။"

ဒါ့အပြင် Richard Horsey ကလည်း ရုရှားလက်နက်ပြန်ပို့ပေးတာက မြန်မာကတင်မက အာရှက တခြားနိုင်ငံတွေကပါ ပါခဲ့တယ်လို့ ထောက်ပြပါတယ်။

"ယူကရိန်းထောက်လှမ်းရေး အကြီးအကဲကလည်း ပြောထားပါတယ်။ ဒီစစ်ပွဲမှာ မြန်မာဟာ ရုရှားကို စစ်ရေးအထောက်အကူပေးနေတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တယ်လို့ သူပြောခဲ့ပါတယ်။ အခုလို ပို့ပေးနေတာတွေက မြန်မာနိုင်ငံထုတ် စစ်အသုံးအဆောင်ပစ္စည်းနဲ့ ခဲယမ်းကျည်ဆံတွေတင် မကပါဘူး၊ ရုရှားကနေ ပို့ထားတဲ့ စစ်ပစ္စည်းတွေ ဂိုထောင်ထဲ ဆက်သိမ်းထားတာတွေကို ရုရှားက ပြန်လိုလို့ ပြန်ဝယ်ယူတာမျိုးလည်း ရှိပါတယ်။ ဒါမျိုးပြန်ဝယ်တာက မြန်မာကတင်မကပါဘူး၊ အာရှဒေသတွင်းက ရုရှားလက်နက်ဝယ်ထားတဲ့ နိုင်ငံတွေလည်း ပါပါတယ်။"

အခုလို ပြန်ပို့တာမှာ မြန်မာလမ်းကြောင်းကနေ အဓိက ဖြစ်ခဲ့တာလို့လည်း Richard Horsey က ဆက်ထောက်ပြပါတယ်။

"အခုလို ရုရှားကနေ အရင်ရောင်းထားပြီး ပြန်ဝယ်ယူနေတာမှာ တင်ပို့တဲ့လမ်းကြောင်း အများစုက လက်ရှိမှာ မြန်မာကနေ တဆင့်ထွက်နေပါတယ်။ ဘာလို့လဲဆိုတော့ အာရှက ဒီပြန်ပို့ပေးနေတဲ့ နိုင်ငံတွေအနေနဲ့ ရုရှားစစ်ပွဲကို အတိအကျ အခုလို ထောက်ပံ့ပေးနေတာကို လူသိရှင်ကြား အသိမခံချင်လို့ပါ။ အဲ့ဒိတော့ မြန်မာကနေ ဒီ လက်နက်ကုန်သွယ်လမ်းကြောင်း ပေါက်နေပါတယ်။"

ဒါ့အပြင် အခုလို မြန်မာက ရုရှားကို ပို့နေတာအတွက် အထောက်အထားတွေလည်း တွေ့ထားပြီးပြီလို့ Richard Horsey က ရှင်းပြခဲ့ပါတယ်။

"အခုလို လက်နက်တင်ပို့တဲ့ အကောက်ခွန်ဆိုင်ရာ အထောက်အထားတွေကို သတင်းထောက်တချို.က စုံစမ်းဖော်ထုတ်လာတာ မနှစ်ထဲက (ဒါမှမဟုတ်) ၁၈ လ လောက်ကို ရှိလာပါပြီ။ ရုရှားကနေ ရောင်းပေးထားပြီး အာရှနိုင်ငံတချို.ရဲ့ ဂိုထောင်တွေထဲဆက်ကျန်နေတဲ့ လက်နက်တွေ၊ တင့်ကားပစ်မှတ်ထား အလင်းစနစ်တွေနဲ့ တခြားစစ်အသုံးအဆောင်ပစ္စည်းတွေကို မြန်မာကနေ ရုရှားကို ပြန်ပို့ပေးတဲ့ အကောက်ခွန် အထောက်အထားတွေ တွေ့ရှိထားပါတယ်။"

ဒီအပေါ် စစ်ကောင်စီပြောခွင့်ရကို ကြိုးစားမေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ တကယ်တော့ ရုရှားကနေ မြန်မာကို အခုလို လက်နက်ပို့ခဲ့တာက ဆိုဗီယက်နိုင်ငံဟောင်းလက်ထက်ကတည်းက ရှိခဲ့ပြီး နောက်ပိုင်း တရုတ်လက်နက်တွေကို မြန်မာစစ်တပ်က သဘောမကျတာကြောင့် ရုရှားအပေါ် လက်နက်ဝယ်ယူရေးပိုပြီး မှီခိုလာခဲ့ရတယ်လို့ ရုရှားအခြေစိုက် Asia News ကလည်း ဖော်ပြခဲ့ပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG