ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်
{{Zawgyi/Unicode}}
ယူကရိန်းတောင်ပိုင်းက ရုရှားသိမ်းယူခဲ့တဲ့ Mariupol ဆိပ်ကမ်းမြို့မှာ ဒေသခံတွေ သီတင်းပတ်ပေါင်းများစွာ ဒုက္ခခံစားရသလို Donbas ဒေသတွင်းမှာလည်း ဖြစ်ပွားလာမှာကို စိုးရိမ်လာနေကြချိန်မှာပဲ ရုရှားထောက်ခံအားပေးနေတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေက ရထားလမ်းကြောင်းအများအပြားရှိရာ ယူကရိန်းအရှေ့ပိုင်း စက်မှုလုပ်ငန်းတွေ ရှိတဲ့ Donbas ဒေသကို သိမ်းပိုက်နိုင်ပြီလို့ ကြေညာရင်း သောကြာနေ့မှာ ပြင်းပြင်းထန်ထန် ပစ်ခတ် တိုက်ခိုက်နေပါတယ်။
ယူကရိန်းအရာရှိတွေကတော့ အနောက်နိုင်ငံတွေက နည်းပညာအဆင့်မြင့် လက်နက်တွေ ထပ်ပေးကြဖို့ ထပ်မံတောင်းဆိုနေကြတာဖြစ်ပြီး ရုရှားထိုးစစ်ကို ရပ်အောင်လုပ်ဖို့ ယူကရိန်းတပ်သားတွေ ဒီလက်နက်တွေ လိုအပ်ကြောင်း ပြောပါတယ်။
Luhansk ဒေသမှာ ယူကရိန်းတွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံးနယ်မြေ ၂ ခုဖြစ်တဲ့ Sieviero donetsk မြို့ နဲ့ Lysychansk မြို့နားမှာ သောကြာနေ့က တိုက်ပွဲတွေ ဖြစ်ပွါးနေတာပါ။
ရုရှားအားပေး ထောက်ခံထားတဲ့ ခွဲထွက်ရေးသမားတွေဟာ လွန်ခဲ့တဲ့ ၈ နှစ် လောက်ကတည်းက Donbas ဒေသတွင်းက တချို့နေရာတွေကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော် စတင် စစ်ခင်းခဲ့တဲ့ လွန်ခဲ့တဲ့ ၃ လကျော် ကာလအတွင်း Sievierodonetsk မှာ ဒေသခံ ၁၅၀၀ လောက် သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း မြို့တော်ဝန် Oleksandr Striuk က ပြောပါတယ်။ နေ့ရောညပါ ဆက်တိုက် ပစ်ခတ်နေတာကြောင့် အခုဆို မြို့တမြို့လုံးမှာ ရှိတဲ့ အဆောက်အဦးတွေရဲ့ ၉၀ % လောက် ပျက်စီးနေပြီလို့လည်း ပြောပါတယ်။
ဒီမြို့ဟာ လူပေါင်း ၁ သိန်းလောက် နေထိုင်တဲ့ မြို့ဖြစ်ပြီး အခုဆို မြို့ခံ တသောင်း ၂ ထောင်ဝန်းကျင်လောက်ပဲ ကျန်တော့တာ ဖြစ်ပြီး ကျန်ယူကရိန်းဒေသတွေနဲ့လည်း အဆက်သွယ် ပြတ်နေတယ်လို့ ပြောပါတယ်။
...................................................
{{Zawgyi/Unicode}}