သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ ယူကရိန်း အကျဉ်းသားလဲလှယ်


ပြန်လည်လွတ်မြောက်လာသည့် ယူကရိန်းအကျဉ်းသားအချို့။ (စက်တင်ဘာ ၇၊ ၂၀၁၉)
ပြန်လည်လွတ်မြောက်လာသည့် ယူကရိန်းအကျဉ်းသားအချို့။ (စက်တင်ဘာ ၇၊ ၂၀၁၉)

ရုရှားနဲ့ ယူကရိန်းကြား အကျဉ်းသားတွေ လဲလှယ်ခဲ့ကြပါတယ်။ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ဒီအစီအစဉ် အကောင်အထည် ပေါ်လာတာကြောင့် ယူကရိန်း အရှေ့ပိုင်းက ၅ နှစ်ကြာစစ်ပွဲ အဆုံးသတ်ရေး ပြန်လည်ကြိုးပမ်းမှုတွေအတွက် မျှော်လင့်ချက်တွေလည်း ပိုများလာပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ အစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားတို့ ကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေးသမားတွေကြား ၅ နှစ်ကြာ တိုက်ပွဲတွေအတွင်း ခန့်မှန်းခြေ လူပေါင်း ၁၃,၀၀၀ လောက် သေဆုံးခဲ့ပြီးလည်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံ မြို့တော် မော်စကိုကနေ Charles Maynes ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။

ရုရှားနိုင်ငံ မြို့တော် မော်စကိုက Lefortovo အကျဉ်းထောင်ကနေ ဘတ်စ်ကားတွေ ထွက်ခွာသွားပြီး မော်စကိုက Vnukovo လေဆိပ်မှာ ယူကရိန်းနိုင်ငံပိုင် လေယာဉ်တစင်း ဆိုက်ရောက်ခဲ့ပြီးနောက် စနေနေ့ အစောပိုင်းမှာ အကျဉ်းသား လဲလှယ်ရေးသတင်း ထွက်လာတာပါ။ ယူကရိန်းနိုင်ငံ မြို့တော် Kyiv မှာလည်း အလားတူ ဆောင်ရွက်တယ်ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။ နှစ်နိုင်ငံစလုံးက နိုင်ငံသား ၃၅ ယောက်စီ လဲလှယ်ခဲ့ကြပြီး လေယာဉ်နဲ့ ဌာနေကို ပြန်ခေါ်ခဲ့ကြပါတယ်။

မြို့တော် Kyiv က လမ်းမပေါ်မှာ ပျော်ရွှင်မှုတွေနဲ့ ကြိုဆိုနေကြတဲ့ လွတ်မြောက်လာသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ယူကရိန်းသမ္မတ Volodymyr Zelenskiy လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းရဲ့ Crimea ဒေသကို ရုရှားတို့ သိမ်းပိုက်မှုအပေါ် အတိုက်အခံပြုမှုကြောင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရပြီးနောက် ထောင်ထဲမှာ ၅ နှစ်ကြာ နေထိုင်ခဲ့ရသူ ယူကရိန်း ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူ Oleg Sentsov ကိုလည်း အုတ်အော်သောင်းနင်း ကြိုဆိုခဲ့ကြပါတယ်။

Oleg Sentsov က သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။

“တခြား အဖမ်းခံထားရသူတွေလည်း မကြာခင် ပြန်လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ ထောင်ကနေ အားလုံး လွတ်လာခဲ့ရင်တောင်မှ ကျနော်တို့တိုက်ပွဲက မပြီးဆုံးသေးပါဘူး။”

ရုရှားနိုင်ငံဘက်မှာတော့ သတင်းထောက် Kirill Vyshinsky လွတ်မြောက်လာတဲ့ အပေါ် ပျော်ရွှင်နေကြပါတယ်။ သတင်းထောက် Kirill Vyshinsky က ယူကရိန်းနိုင်ငံ မြို့တော် Kyiv ကနေ RIA-Novosti သတင်းဌာနအတွက် သတင်းလိုက်နေတုန်း ဖမ်းဆီး ထောင်ချခံခဲ့ရတာပါ။ Kirill Vyshinsky ကတော့ Rossiya ၂၄ channel နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ပြောပါတယ်။

“သတင်းထောက်တွေကို ဘယ်တော့မှ ထောင်မချသင့်ပါဘူး။”

ယူကရိန်း အကျဉ်းသားတွေကို ဌာနေပြန်ခေါ်နိုင်ရေး၊ ယူကရိန်းအရှေ့ပိုင်းက ပဋိပက္ခကို အပြီးသတ် အဆုံးသတ်နိုင်ရေးအတွက် ရုရှားသမ္မတ Vladimir Putin နဲ့ ညှိနှိုင်းမယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskiy ရဲ့ ကတိကဝတ်အတိုင်းပဲ အကျဉ်းသား လဲလှယ်ရေး ဖြစ်လာတာပါ။

ဒီရက်ပိုင်းတွေ အတွင်းမှာပဲ နှစ်နိုင်ငံ ခေါင်းဆောင်တွေဘက်က အကျဉ်းသားအရေး သဘောတူညီချက် ရတော့မယ်ဆိုတဲ့သဘောမျိုး ပြောဆိုခဲ့ကြတာပါ။ အခုတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် ပြန်လည်ကြိုးစားရေးအပေါ် အာရုံစိုက်နေကြပါတယ်။

ရုရှားနဲ့ ယူကရိန်း အကျဉ်းသားလဲလှယ်
please wait

No media source currently available

0:00 0:02:54 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG