သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မဲမြို့ ရပ်ကွက်အုပ်ချုပ်ရေးရုံး တိုက်ခိုက်ခံရမှု ၂ ဦးသေ


ကျောက်မဲမြိုအဝင် ဆိုင်းဘုတ်။ (ဓာတ်ပုံ-ကျောက်မဲ-မင်္ဂလာထွန်း သတင်းစုံ) (ယခင်ပုံဟောင်း)
ကျောက်မဲမြိုအဝင် ဆိုင်းဘုတ်။ (ဓာတ်ပုံ-ကျောက်မဲ-မင်္ဂလာထွန်း သတင်းစုံ) (ယခင်ပုံဟောင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီလ ၆ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲပြီး၊ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ရုံးဝန်ထမ်း ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မဲမြို့မှာ အခုလို စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပြီး ဘယ်သူ့လက်ချက် ဆိုတာတော့ မသိရပါဘူး။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးပါမယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်ရုံးမှာ ဩဂုတ်လ ၆ ရက်၊ တနင်္ဂနွေနေ့ မနက်တုန်းက ဗုံးပေါက်ကွဲပြီး သေနတ်နဲ့ ပစ်ခတ်တာတွေလည်း ဖြစ်ခဲ့တာပါ။ ဒီပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေကတော့ ကျောက်မဲ စည်ပင်ဌာနက လက်ထောက် ညွှန်ကြားရေးမှူးနဲ့ နမ္မတူမြို့ကနေ အစည်းအဝေးတက်ဖို့ ရောက်လာတဲ့ လျှပ်စစ်ဝန်ထမ်းတဦး ဖြစ်တယ်လို့ ကျောက်မဲဒေသခံ တဦးက ပြောပါတယ်။

"သူတို့ သေတာတော့ ၂ ယောက်ပေါ့နော်။ သေတဲ့ ၂ ယောက်က စည်ပင် AD တယောက်ရယ်။ နောက်ပြီးတော့ နမ္မတူကနေလာတဲ့ လျှပ်စစ်က တယောက်ရယ်။ ကျောက်မဲကို အစည်းအဝေးလာဖို့ ဆိုပြီးတော့ အဲဒီမှာ လက်ဖက်ရည် သောက်ကြတာပေါ့။ ဒဏ်ရာရတာကတော့ ဗုံးစမှန်တာ ၃ ယောက်ပါပဲ။ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေပါ။ ကျောက်မဲမှာ တခြား ဖြစ်တာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီဌာနဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ဒီလိုမျိုး ပေါက်ကွဲမှုကတော့ ပထမဆုံးပေါ့နော်။"

စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လက်ဖက်ရည် သောက်နေချိန်မှာ အခုလို ပစ်ခတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မဲမြို့မှာ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း၊ ဌာနဆိုင်ရာရုံး အခုလို တိုက်ခိုက်ခံရတာကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကျောက်မဲဒေသခံ နောက်တဦးကတော့ ဒဏ်ရာရသူက ၃ ဦးထက် ပိုများနိုင်သလို၊ လောလောဆယ် ဒဏ်ရာ အခြေအနေတွေလည်း အသေးစိတ် မသိနိုင်သေးဘူးလို့ ပြောပါတယ်။

"ဖြစ်တဲ့အချိန် ကျနော်လည်း အဲဒီအနားရှိလို့ ရောက်တော့ ရောက်သွားတယ်။ ပြောကြတာကတော့ လက်ပစ်ဗုံးလား။ ဗုံးကြီးလားတော့ မသိဘူးပေါ့နော်။ အကြီးနဲ့ အရင်ပစ်တယ်။ ပစ်ပြီးတော့မှ သေနတ်နဲ့လည်း ထပ် ပစ်သွားတယ်ပေါ့။ ဒဏ်ရာရတာက ၉ ယောက်လို့တော့ ပြောတယ်။ ၉ ယောက်မှာ ၅ ယောက်ကတော့ နည်းနည်းပြင်းထန်တဲ့ ပုံစံမျိုးပေါ့။ ၄ ယောက်ကတော့ ထိခိုက်ဒဏ်ရာပေါ့။ အဲလိုမျိုးတော့ ဆေးရုံပိုင်းကနေ ပြန်သိရတယ်။ ဒါပေမဲ့ သေချာတယ်။ မသေချာဘူးတော့ မပြောတတ်ဘူးပေါ့။"

ဒဏ်ရာရသူ အရေအတွက်နဲ့ အခြေအနေ အသေးစိတ်ကို ဗွီအိုအေ အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီအတောအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က ဟိုတယ်တခုမှာလည်း သြဂုတ်လ ၆ ရက် တနေ့တည်းမှာပဲ ဗုံးပေါက်ကွဲမှုတချို့ ဖြစ်ခဲ့ပါသေးတယ်။ ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ခဲ့ပေမဲ့၊ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့ မကြားရသေးတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အခုလို ဘယ်သူဘယ်ဝါ ကျူးလွန်တယ်ဆိုတာ မသိရတဲ့ ဗုံးပေါက်ကွဲမှုတွေ၊ ပစ်ခတ်ခံရတာတွေ မကြာခဏ ဆိုသလို ရှိနေပြီး၊ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေး လက်နက်ကိုင် အဖွဲ့တွေကြား အပြန်အလှန် စွပ်စွဲ ပြစ်တင်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG