စစ်ကိုင်းတိုင်း ကနီမြို့နယ်ကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၅ ဦးထက်မနည်း သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ ကနီမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်မှု အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ကျေးရွာတွေကို ဖေဖော်ဝါရီ ၁၈ ရက် နေ့လည်ပိုင်းကစလို့ ညပိုင်းအထိ ၅ ကြိမ်ထက်မနည်း စစ်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဂျက်ဖိုက်တာတွေအပြင် လေထီး စက်တပ်ယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
နေ့လည်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ပေမယ့် လူထိခိုက်သေဆုံးတာမရှိဘဲ ညနေ ၅ နာရီကျော်မှာ မုံရွာ-ယာကြီး-ကလေး၀ ကားလမ်းဘေးမှာရှိတဲ့ ချောင်းမအရှေ့ရွာကို လေထီး စက်တပ်ယာဉ်တွေနဲ့ တိုက်ခိုက်ချိန်မှာ ၅ ဦး သေဆုံးပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကနီဒေသခံတဦးက အခုလို ပြောပါတယ်။
"ဒီနေ့က တနေကုန်လို ဗုံးကြဲနေတာခင်ဗျ။ မနက်ခင်းကနေ ခုနက ညအထိပေါ့။ မိထ္ထီလာကတက်တဲ့ MIG 29 ကော Yak 130 တွေကော paramotor တွေကော လှည့်ကြဲနေတာ။ ညနေ ၅ နာရီလောက်မှာ paramotor ကြဲတာက ပြည်သူ ၅ ယောက်သေတယ်၊ အယောက် ၂၀ လောက် ဒဏ်ရာရတယ်။ ထမင်းဆိုင်ရယ်၊ လက်ဘက်ရည်ဆိုင်ရယ်၊ ကွမ်းယာဆိုင်ရယ် အဲ့ ၃ ပွင့်ဆိုင်ကြားမှာ ကျတာဆိုတော့ ထိခိုက်ပျက်စီးမှုတော့ ရှိတာပေါ့။ paramotor နဲ့ ကြဲတာ ၁၂၀ မမ ဗုံးသီး ၂ လုံး ကျတာဆိုတော့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေ များသွားတာပေါ့။"
ထိခိုက်ဒဏ်ရာရတဲ့သူတွေကို နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ဆေးကုသမှုတွေပေးနေပြီး စိုးရိမ်ရတဲ့ ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို လေကြောင်းကနေ အကြိမ်ရေများစွာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မုဌော၊ နတ်ကြီး၊ ချောင်းမ အရှေ့ရွာအနောက်ရွာအပြင် အနီးနားက ကျေးရွာတွေကပါ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။
"မုဌောအရှေ့ရွာ၊ အနောက်ရွာ၊ နတ်ကြီး၊ ချောင်းမ အဲ့ရွာတွေ အကုန်ရှောင်နေရတယ်။ ၄ ရက် ၅ ရက်လောက်ရှိနေပြီ ဗုံးကြဲနေတာဆိုတော့ ကျနော်ကို ရွာထဲမနေရဲဘူး။"
မုဌောရွာဟာ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်ကလည်း မုဌောရွာ ကူးတို့ဆိပ် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဆီသယ်ကား ၂ စီး၊ ဆိုင်ကယ် ၁၃ စီးနဲ့ လူနေအိမ်အချို့ ပျက်စီးပြီး သံဃာတော်တပါးအပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် မုဌောရွာ ကူးတို့ဆိပ် လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ မဟုတ်မမှန် ရေးသားဖြန့်ဝေတာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက် လေကြောင်းတိုက်ခိုက်မှုကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဗုံးကြဲတိုက်ခိုက်တာဟာ စစ်တပ်ဘက်က တိုက်ခိုက်တာလို့ ဒေသခံတွေက အခိုင်အမာပြောပြီး တိုက်ခိုက်ခံရချိန်မှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တာမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ကနီမှာ (၅) ဦးသေဆုံး

Forum