သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီဗုံးကြဲလို့ ညောင်လေးပင်စစ်ရှောင်တွေ သေဆုံး


လေကြောင်းတိုက်ခိုက်မှုဒဏ်သင့် ဒေသခံတဦး။ (ဓာတ်ပုံ - KNU)
လေကြောင်းတိုက်ခိုက်မှုဒဏ်သင့် ဒေသခံတဦး။ (ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲက ဒူးပလာယာခရိုင်၊ ဝမ်းရေးမြို့နယ်တွေမှာ မတ်လ ၁ ရက်နေ့နဲ့ မတ်လ ၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ငထွေစုတ်ရွာမှာ စစ်ဘေးရှောင်နေသူတွေ သေဆုံးသလို တခြားရွာတွေကရွာသားတွေလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ လယ်ဒိုမြို့နယ် ဒူးပလာယာခရိုင် ဝမ်းရေးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက ဒေသခံစစ်ဘေးရှောင်တွေနေထိုင်နေရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးဒဏ်ရာရတာတွေ ရှိနေတယ်လို့ ကေအန်ယူကလည်း သတင်းထုတ်ပြန်ပါတယ်။ မုန်းမြို့နယ် ဒေသခံတွေကတော့ သူတို့ရွာတွေမှာ သေဆုံးသူနဲ့ ပြင်းထန်စွာ ဒဏ်ရာရသူတွေရှိနေတယ်လို့း VOA ကိုပြောပါတယ်။

"ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ညက ပိန်းဇလုပ်အခြေစိုက်တပ် ခလရ ၂၆၄ က သူက ၈၁ မမ လက်နက်ကြီး ၄ လုံးကို ရေလည်ကျွန်းကျေးရွာနဲ့ အိုင်ဒိုးချောင်းကျေးရွာကို ပစ်ချတယ်၊ ကျရောက်ပေါက်ကွဲပြီး စောသန်းဝင်းအောင်ရဲ့အိမ် ပျက်စီးသွားတယ်၊ အသက် ၅၀ လောက်ရှိတဲ့ ဦးခင်မောင်ရီဆိုတဲ့ လူကြီးပိုင်းတယောက်လည်း ထိခိုက်ဒဏ်ရာရတယ်။

"ပြီးတော့ မတ်လ ၁ ရက်နေ့ကလည်း ညနေ ၆ နာရီလောက်မှာ ငထွေစုတ်ကျေးရွာဆိုတာ ရွာတော့ကြီးတယ်၊ ဒါပေမယ့် လယ်ကွင်းထဲမှာနေကြတာ၊ အဲဒီမှာ တော်လှန်ရေးတပ်တို့ စုပေါင်းတပ်တွေလည်းမရှိကြဘူး၊ အဲဒီဟာကို တောင်ငူလေတပ်က လေကြောင်းကနေ လာရောက်ပစ်ခတ်ပြီး စစ်ဘေးရှောင်ပြီးလာနေတဲ့ သေဂေလူရွာသားပေါ့ အသက် ၂၅ နှစ်လောက်ရှိတဲ့ နော်ပိတောက်ဝါ (၂၅) နှစ် သေတယ်၊ စောသန်းလွင်ထွန်းကတော့ ထိခိုက်ဒဏ်ရာရတယ်။"

ဒေသခံ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေရပြီး ရွာသားတွေဟာ မိမိတို့နေထိုင်ရာ ကျေးရွာတွေမှာ မနေထိုင်ရဲဘဲ အခုလို စစ်ဘေးရှောင်တဲ့နေရာအထိ လေကြောင်းတိုက်ခိုက်တာတွေ ရှိနေတဲ့အတွက် ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ဆိုပါတယ်။

"အခုချိန်ထိ မုန်းမြို့နယ်ထဲမှာ အိမ်ခြေ ၆၀၀ လောက် ၇၀၀လောက်ရှိတဲ့ ကျနော်တို့ရွာမှာဆိုရင်လည်း ရွာထဲမှာ လူ ၂၀၀ လောက်တောင် မရှိဘူး၊ တောတွေ ဥယာဉ်ခြံတွေ ဆွေမျိုးသားချင်းတွေ ရှိတဲ့နေရာတွေမှာ သွားနေရတယ်၊ ငထွေစုတ်ရွာထဲ သွားနေသလိုပေါ့ ကိုယ့်ရွာထဲမှာကို မနေကြပါဘူး။"

ဒီရက်ပိုင်းမှာပဲ ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းမှာလည်း Yak-130 Jet Fighter နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၄၂) နှစ်အရွယ် အမျိုးသမီး (၁) ဦး သေဆုံးပြီး အသက် (၄) နှစ်အရွယ် ကလေးငယ် (၁) ဦး အပါအဝင် (၆) ဦး ပြင်းထန်ဒဏ်ရာတွေ ရခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့ကလည်းစစ်ကောင်စီဘက်က ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်မှုအပြင် မီးရှို့တာတွေကြောင့် ကော့ကရိတ်မြို့နယ်ထဲက ကော့နွဲ၊ တတန်ကူး၊ ရန်ကုတ်၊ ဆင်ကုန်း ကျေးရွာ ၄ ရွာက နေအိမ်အလုံး ၁၀၀ ကျော် မီးလောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG