သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့မှု စစ်ကောင်စီ တုံ့ပြန်


ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဥ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ လိုက်တယ်ဆိုတဲ့ သတင်း သူ ကြားသိမထားတဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

‘’ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ကျနော်တို့ တစုံတရာ ကြားသိရခြင်းမရှိပါဘူး။ ကြားသိရမှုမရှိဘူးလို့ပဲ ကျနော် ပြောချင်ပါတယ်။”

မနေ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လည်း မဟုတ်မှန်ကြောင်း ပြောပါတယ်။

အာရှနိုင်ငံတွေက ထိပ်တန်း ခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေသလို၊ လက်ရှိမြန်မာနိုင်ငံမှာ ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် Deng Xijuan နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ ရှိမရှိ ဗွီအိုအေက မေးမြန်းတာမှာတော့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ဖြေကြားပါတယ်။

“ကျနော် သိရသလောက်တော့ သက်ဆိုင်ရာ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဦးစီးတဲ့အဖွဲ့နဲ့လည်း တွေ့ပြီးပြီ။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့လည်း တွေ့ဖို့ရှိပါမယ်။ ကျန်တဲ့အစီအစဥ်တွေတော့ မရှိပါဘူးခင်ဗျာ။”

နေပြည်တော်မှာ ရောက်နေတဲ့ တရုတ် အထူး ကိုယ်စားလှယ်အနေနဲ့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့တော့ ဒီကနေ့ မနက်ပိုင်း တွေ့ဆုံခဲ့တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီရက်ပိုင်း သတင်းတွေ ပြန့်နေခဲ့တာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားပြီး ဖြစ်ကြောင်းနဲ့ သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဒါ့အပြင် လာမယ့် သြဂုတ်လ ၁ ရက်နေ့နောက်ပိုင်း ကြားကာလ အစိုးရ ဖွဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန်က ပြန်ဦးဆောင်မယ့်အကြောင်း၊ အဲ့ဒီနောက် တနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG