သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုမှာ လက်နက်ကြီးကျည်ကျလို့ ပြည်သူ ၂ ဦးသေဆုံး 


ဒီးမော့ဆိုမှာ လက်နက်ကြီးကျည်ကျ ( ဖေဖော်ဝါရီလ ၂၇ ရက် )
ဒီးမော့ဆိုမှာ လက်နက်ကြီးကျည်ကျ ( ဖေဖော်ဝါရီလ ၂၇ ရက် )

စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီနယ်ထဲက ဒီးမော့ဆိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၇ ရက် မနေ့က စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၄ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေတာ မဟုတ်ဘဲ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို၊ ဒရုန်းယာဉ်တွေ သုံးပြီးလည်း ဗုံးတွေချခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို မစုမြတ်မွန်က ပြောပြပါမယ်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း နေရာတွေမှာ တနင်္လာနေ့က စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်လို့ သေဆုံး ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ တနင်္လာနေ့ မနက်ပိုင်းက ဒေါညေးခူကျေးရွာမှာ လက်နက်ကြီးကျည် ကျခဲ့လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့တဲ့အပြင် ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာကိုဗညားက VOA ကိုပြောပြပါတယ်။

“တချို့က ဘောလခဲကနေ ပစ်လာတယ်လို့ ထင်တယ်၊ ဒါပေမယ့် ကျနော်တို့ သိသလောက်က တပ်ရင်း-၁၄ ပေါ့နော် ဖရူဆိုမှာရှိတဲ့ အမှတ် (၁၄) တပ်ရင်း လေ့ကျင့်ကြောင်းကနေ ပစ်တာပေါ့နော် ပစ်တဲ့ပုံစံ ကျတဲ့ပုံစံက အဲ့ဒီဖက်ကနေလာတယ်ပေါ့နော်၊ အကယ်လို့ ဒီ ဘောလခဲကနေပစ်ရင်တော့ သူကကျော်သွားလေ့ရှိတယ် အဲ့ဒီရွာလေ အဲ့ကြောင့်မို့ ကျနော်ခန့်မှန်းတာ၊ မနက်ပိုင်းက ၃ ယောက်ထိတယ်၊ အဲ့ထဲက တစ်ယောက်ဆုံးသွားတယ်။”

ဒီးမော့ဆို အရှေ့ဖက်ခြမ်းက ၄ နေရာလောက်မှာ မနက်ပိုင်းက လက်နက်ကြီး ကျည်တွေကျခဲ့တာမှာ တချို့နေရာတွေမှာတော့ လူအထိအခိုက်မရှိပေမယ့် ဆေးခန်းတစ်ခုနဲ့ နေအိမ်တချို့ ပျက်စီးထိခိုက်သွားခဲ့ပါတယ်။ တနင်္လာနေ့ ညနေပိုင်းမှာလည်း ဒီးမော့ဆိုနယ် အနောက်ခြမ်း စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ နေရာအပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ၁ ဦးသေဆုံး ၂ ဦး ပြင်းထန်တဲ့ ဒဏ်ရာရှိခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံတစ်ဦးက ခုလို ပြောပါတယ်။

“ပစ်တာတော့ ၇နာရီခွဲအကျော်မှာပေါ့နော်၊ ၆ကြိမ် ၇ကြိမ်လောက် ပစ်တာပေါ့နော် ထိသွားတာကတော့ ကျနော်တို့ စစ်ဘေးရှောင်ပါပဲ ဒီးမော့ဆိုအနောက်ဘက်ကမ်းမှာနေတာပေါ့နော်၊ ဒီမိသားစုထဲမှာကျသွားတယ် အဲ့လိုမျိုး၊ သေသွားတဲ့လူက တစ်ယောက်ပေါ့နော် သူ့အမျိုးသမီးက သေသွားတယ် သူ့ယောကျာ်းတော့ ပြင်းထန်ဒဏ်ရာရတယ်၊ ပြီးတော့ သေဆုံးသူရဲ့ အမျိုးပေါ့နော် ညီမကလည်း တင်းပါးဆုံမှာ ပြင်းထန်ဒဏ်ရာရရတာပေါ့နော်။ နှစ်နှစ်ကလေးအရွယ်နဲ့ သူ့အဖွားက လွတ်သွားတာပေါ့နော်။”

စစ်တပ်ဘက်က လက်နက်ကြီးကျည်တွေနဲ့ မနေ့က ပစ်ခတ်တဲ့နေရာတွေမှာ တိုက်ပွဲတွေ မရှိခဲ့ပါဘူး။ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်လေ့ရှိတဲ့ ဒီးမော့ဆိုမြို့နယ်ထဲမှာ အရပ်သားပြည်သူတွေ ရှိနေတဲ့နေရာတွေ၊ စစ်ဘေးရှောင်တွေ ပုန်းခိုနေတဲ့နေရာတွေမှာလည်း ကာကွယ်ရေးတပ်တွေ ရှိနိုင်နေတယ်ဆိုတာမျိုးနဲ့ စစ်တပ်က ပစ်ခတ်မှုတွေကို လုပ်လေ့ရှိပါတယ်။ မနေ့ကဆိုရင် လက်နက်ကြီးတွေနဲ့ လှန်းပစ်တဲ့အပြင် အဝေးထိန်း ဒရုန်းယာဉ်တွေနဲ့လည်း ဗုံးတွေ ကြဲချတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပြပါတယ်။

“မနေ့က တစ်နေကုန် တိုက်ပွဲမရှိဘူး၊ တနေကုန်နီးပါးလုံးလုံးတိုက်ပွဲမရှိဘဲနဲ့ စစ်ကောင်စီက စပြီးတော့မှ စပစ်တယ်ပေါ့ ဒရုန်းနဲ့လည်း လိုက်ပြီးတော့မှ ဗုံးချတာရှိတယ်၊ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပေါ့နော် ထုတာတွေရှိတယ်၊ လုံးဝကို တိုက်ပွဲမရှိဘူးခင်ဗျဟုတ်၊ မနေ့က တစ်နေကုန် အဲ့ဒီနားဒီးမော့ဆိုတခွင် လုံးဝတိုက်ပွဲမရှိဘူးခင်ဗျ။”

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို စစ်ကောင်စီက အကြမ်းဖက် နှိမ်နင်းခဲ့ပြီး တဲ့နောက် ၂၀၂၂ ခုနှစ် မေလမှာစပြီး၊ ကယားပြည်နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲစတင်လာတာပါ။ အဲဒီထဲကစလို့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် တိုက်ပွဲနဲ့ မဆိုင်တဲ့ ဒေသခံ အရပ်သားပြည်သူတွေ ထိခိုက် သေဆုံးမှုတွေ မကြာခဏ ကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG