သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကင်းလေကြောင်းတိုက်ခိုက်မှု ဒဏ်ရာရစာရင်းတိုးလာ


မင်းကင်းမြို့
မင်းကင်းမြို့

မင်းကင်းမြို့နယ်တွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွင်းမှာ ဒဏ်ရာရသူစာရင်း တိုးလာတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ အခုလို တိုက်ခိုက်ခံရတာဟာ သတင်းပေါက်ကြားတဲ့အတွက်လို့ ဒေသခံတွေက ယူဆနေပါတယ်။ မတောရွာ လေကြောင်းတိုက်ခိုက်ခံရမှု နောက်ဆက်တွဲအခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ဇွန်လ ၃ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း မင်းကင်းမြို့နဲ့ ၂ မိုင်အကွာမှာရှိတဲ့ မတောရွာက မင်္ဂလာဆောင်ကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးသူ ၂၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တာပါ။ တိုက်ခိုက်မှုပြီးပြီးချင်းမှာ ဒဏ်ရာရရှိသူ ၃၀ နီးပါးရှိရာကနေ တိုက်ခိုက်မှုအပြီး၂ ရက်အကြာမှာ ဒဏ်ရာရသူစာရင်း ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေထဲမှာလည်း ဒဏ်ရာရသူတွေရှိတာကြောင့် အခုလိုဒဏ်ရာရသူစာရင်းတိုးလာတာလို့ မြေပြင်မှာ ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ဒေသခံကာကွယ်ရေး တပ်မှူးတဦးက ပြောပါတယ်။

"၂၉ ယောက်နဲ့ ပိတ်သွားတာပေါ့။ ဆက်ပြီးတော့ မရှိဘူး။ ဒါပေမယ့် ဒဏ်ရာရတဲ့သူက ၆၆ ယောက်ထိ ရှိလာတာပေါ့။ နယ်မြေငြိမ်သွားတဲ့အချိန်မှ လာပြောတဲ့သူတွေနဲ့ စာရင်းကောက်တော့ အရေးပေါ်ဖြစ်တာတော့ ၁၆ ယောက်လောက်ရှိတာပေါ့။ ကျန်တဲ့မစိုးရိမ်လို့ပြောမလား မစိုးရိမ်လို့ပြောရမလား မသိဘူး။ ၆၆ ယောက်ရှိတယ်။ အဲ့ ၆၆ ယောက်ထဲမှာ အရေးပေါ် ဒဏ်ရာရတာ ၁၆ ယောက်လောက်ရှိတယ်ပေါ့။ ပို့ထားတဲ့ ဆေးရုံတွေဘက်က အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်ပြောပါတယ်။ တချို့ဒဏ်ရာရတဲ့သူတွေကို တခြားလိုအပ်တဲ့နေရာကို ပို့ပေးမယ်ပြောတာပေါ့နော်။ အဆင်တော့ပြေမှာပါ။ ဆေးဝါး အကူအညီက အဆင်ပြေတယ်။ သေဆုံးသွားသူတွေ ပံ့ပိုးကူညီမှုတွေ တချို့ကလေးတွေ ကလေးပဲကျန်ခဲ့ပြီးတော့ တမိသားစုလုံး ပြုတ်သွားတဲ့ဟာမျိုးတွေ ဒါလေးတွေကို သေချာလေး ပြန်လုပ်ပေးဖို့တော့ ကျွန်တော်တို့ စီစဉ်နေတယ်။"

မတောရွာဟာ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းမှာ ရှိပြီး မင်းကင်းမြို့နဲ့ ၂ မိုင်လောက်သာ ဝေးပါတယ်။ စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာကနေ လက်နက်ကြီးပစ်ခတ်တာမျိုးတွေရှိတဲ့အတွက် ဒေသခံတွေ ကျေးရွာအတွင်းမနေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက သတိပေးထားပါတယ်။ ဒါကြောင့်လည်း မတောကျေးရွာက ဒေသခံအများစုဟာ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြပါတယ်။ အနည်းစုပဲ ကျေးရွာထဲမှာ နေထိုင်တာဖြစ်ပြီး မင်္ဂလာပွဲပြုလုပ်ချိန် လေကြောင်းကနေ အခုလို တိုက်ခိုက်ခံရတာပါ။

အခုလို တိုက်ခိုက်ခံရတာဟာ သတင်းပေးရှိတဲ့အတွက်ကြောင့်လို့ ဒေသခံတွေကယူဆပါတယ်။ မင်းကင်းဒေသခံတဦးက သူ့အမြင်ကို အခုလို ပြောပြပါတယ်။

"သတင်းပေးရှိတာ။ ရန်သူနဲ့ပြိုင်ဘက်ဆိုတော့ ဒီလိုအခွင့်ရေးမျိုး သတင်းရတာနဲ့ ဒါမျိုးတွေကို တိုက်ခိုက်လိမ့်မယ်ပေါ့။ မင်္ဂလာဆောင် အခမ်းအနားဖြစ်တဲ့အခါကျတော့ ရက်အဝေးကြီးကတည်းက ကြိုတင်ပြီး စီစဉ်ထားတာဖြစ်တယ်။ ဖိတ်စာတွေကမ်းထားတာ ဖြစ်တော့ အဲ့ဖိတ်စာက သတင်းပေါက်ကြားတာ ဖြစ်နိုင်တာပေါ့။ သတင်းပေါက်ကြားလို့လည်း ဒီလိုလာလုပ်သွားတာ။"

လေကြောင်းတိုက်ခိုက်မှုအတွင်း သတို့သားနဲ့သတို့သမီးတို့ဟာ အသက်ရှင်လွတ်မြောက်သွားပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့လည်း မြို့နယ်ကာကွယ်ရေးအဖွဲ့တွေက စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း အလားတူပုံစံမျိုး စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာမှာ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲကို စစ်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူပေါင်း ၁၇၄ ဦး သေဆုံးခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG