သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာမှာ စစ်မှုထမ်းဖို့ဖမ်းဆီးတာတွေကြောင့် မြို့တွင်းသွားလာသူနည်း


မုံရွာမြို့
မုံရွာမြို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်မှုထမ်းဖို့အတွက် လူစုဆောင်း ဖမ်းဆီးခံရတာတွေကြောင့် စျေးဆိုင်တွေနဲ့ ပွဲရုံတွေပိတ်ပြီး လမ်းတွေပေါ် လူသူကင်းမဲ့တဲ့အထိ တိတ်ဆိတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အမျိုးသမီးတွေကိုအဓိကထား ဖမ်းဆီးခေါ်ဆောင်နေပြီး သုံးရက်အတွင်းမှာ ၁၀၀ ဝန်းကျင်လောက် ရှိခဲ့တယ်လို့ ပြောပါတယ်။ မုံရွာမြို့မှာ စစ်မှုထမ်းအတွက် လူစုဆောင်းနေတဲ့အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

မုံရွာမြို့မှာ အခုရက်ပိုင်းတွေထဲ စစ်မှုထမ်းအတွက် အမျိုးသမီးငယ်တွေ ဖမ်းဆီးခံရတာ တော်တော်များများ ရှိနေတယ်လို့ မုံရွာမြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။

"ဒီ ၂၅၊ ၂၆၊ ၂၇ က အမျိုးသမီး ၈၀ ခန့်လောက်ပါသွားတယ်။ အမျိုးသားက ၁၅၀ လောက်ပါတယ်ဗျ။ ပေါ်တာဆွဲခံရတာ ပိုဆိုးလာတယ်၊ မုံရွာတမြို့နယ်လုံး။ ရာဇာလက်ဖက်ဆိုင်ဆိုရင် ၂၉ ရက်နေ့က အမျိုးသမီး ၆ ယောက်ပါသွားတယ်။ အခုပွဲရုံတွေမှာလည်း အလုပ်သမားတွေအပြန် လမ်းမှာဖမ်းဆွဲ တယ်။ နောက် ပွဲရုံကြီးတွေဝင်တယ်။ သံလမ်းဘေး လမ်းအရှေ့ဘက်မှာ ၂၉ ရက်နေ့ကပဲ မနက်ပိုင်း ၅ ယောက်ပါသွားတယ်။ အဲကျတော့ စျေးဆိုင်တွေက မထွက်ရဲကြဘူး။ သူတို့ကထွက်တယ်ထားဦး၊ ကလေးတွေ ပြဿနာတက်မှာ၊ မိမှာစိုးတော့ သူတို့ကလည်း ပိတ်ပေးရတာ။ ဒီနေ့တော့ ပြန်ပြီးတော့ စည်လာတယ်ပြောရမှာ။ ပြီးခဲ့တဲ့ ၄ ရက်လောက်က လမ်းတွေလည်းခြောက်ကပ်၊ ဆိုင်တွေကလည်း အကုန်လုံးပိတ်။"

စစ်မှုထမ်းအတွက် စျေးဆိုင်တွေနဲ့ ပွဲရုံတွေအထိ လူငယ်တွေဖမ်းဆီးခံနေရတာလို့ ပြောပါတယ်။

မြို့တွင်းလမ်းတွေမှာလည်း အသွားအလာမရှိ ဆိုင်တွေပိတ်ထားပြီး ရှင်းလင်းနေတဲ့ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒေသတွင်းမီဒီယာတွေမှာတော့ ဒေသခံတွေရဲ့ ပြောကြားချက်အရ မုံရွာမြို့တွင်း လူငယ်တွေပေါ်တာဆွဲခံရလို့ လမ်းပေါ်သွားလာသူမရှိ တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ ဖော်ပြထားကြပါတယ်။

အခုနှစ် ဇန်နဝါရီလ ပထမပတ်ထဲမှာတင် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူပေါင်းက ၂၀၀ ဝန်းကျင်မှာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ထဲမှာတော့ အမျိုးသမီးတွေကို အဓိကထား ဖမ်းဆီး နေပြီး အမျိုးသားလူငယ်တချို့လည်း လူစုဆောင်းနေတဲ့အထဲ ပါဝင်သွားတယ်လို့ ပြောပါတယ်။

"အမျိုးသမီးတွေ တော်တော်များတယ်ဗျ။ အဓိကပစ်မှတ်က အမျိုးသမီးတွေကို ဆွဲသွားတာများတယ်။ နောက်ပိုင်းမရတဲ့အဆုံး အမျိုးသားတွေလည်း ပါသွားတယ်။ ၂၀ ကျော် - ၃၀ ကျော်က နည်းတယ်။ ၁၅ ကနေ ၂၀ အတွင်းလေးတွေ တော်တော်များများ ပါသွားတယ်။ မဖြစ်မနေမှ အပြင်ထွက်ကြတော့တာ။ မဖြစ်မနေ မဟုတ်ရင် သိပ်ပြီးတော့မထွက်ကြဘူး။"

မုံရွာမြို့ထဲမှာ အရင်ကတည်းက စစ်ကောင်စီရဲ့ ကင်းလှည့်ကားတွေ ပုံမှန်ဆိုသလိုရှိပေမယ့် အခု နောက်ပိုင်းမှာတော့ သိသိသာသာ အင်အားတိုးလာတာကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ညကလည်းပဲ ၁၀ နာရီ၊ ၁၁ နာရီလောက်ကို သူတို့ကင်းပတ်တယ်လေ။ နဂိုတုန်းက တစီး၊ နှစ်စီးနဲ့ ပတ်တယ်။ အခု ၇ စီး၊ ၈ စီး လောက်နဲ့ကိုပတ်တာ။ မုံရွာမြို့ပေါ်တင် အင်အားက ပြန်စုမိတဲ့သဘော တော့ ရှိတယ်ဗျ။ ဘယ်ကနေများ ပြန်ပို့လိုက်သလဲ၊ သူတို့အဖွဲ့တွေ ပြန်စုနေသလားတော့ မပြောတတ် ဘူးဗျ။ မုံရွာမြို့ပေါ်မှာတော့ အင်အားတော်တော်လေး သုံးနေတယ်။ အခုက နယ်တွေကအစ မြို့ပေါ်မှာ သိပ်မလာရဲဘူးဗျ။ ညောင်ပင်ကြီး၊ ယင်းမာပင်၊ ဆားလင်းကြီးဘက်ကလူတွေ တော်တော်လေးကို အဆက်ပြတ်သွားတယ်။ သူတို့ကလည်း နယ်တွေမသွားရဲတဲ့အခါကျ မြို့ပေါ်မှာ အင်အားသုံးနေတယ်။"

စစ်မှုထမ်းဥပဒေ အတည်ပြုပြုချိန်ကစလို့ မုံရွာမှာ လူငယ်တော်တော်များများ ဖမ်းဆီးခေါ်ဆောင်ခံ ရတာတွေ ခပ်စိပ်စိပ်ရှိခဲ့တာပါ။

ဒီရက်ပိုင်းအတွင်းမှာတင် စစ်မှုထမ်းအတွက် အယောက် ၅၀၀ နီးပါး ဖမ်းခံထားရတယ်လို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ပြောထားပါတယ်။ ဒါတွေကြောင့် မုံရွာမြို့ပေါ်ရက်ကွက်တွေနဲ့ လဝကရုံးဟောင်းဂိတ်အပါအဝင် ရေဦးဆန်ဆိုင်ဂိတ်၊ နယူးဒေးဆီဆိုင်ဂိတ်၊ က.ည.န ရုံးဂိတ်နဲ့ မအူဂိတ်၊ စွမ်းရည်ထက်ဂိတ်အပြင် တောပုပျူရွာအရှေ့ဘက် အမြန်လမ်းကြောနဲ့ ညောင်ပင်သာဂိတ် စတဲ့ နေရာတွေမှာ ဖြတ်သန်းသွားလာတာမျိုး မလုပ်ကြဖို့ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG