သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း၊​ ဇီးကုန်းမြို့ပေါ်နဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးမှုတွေရှိနေ


စစ်မှုထမ်းသင်တန်းအပတ်စဉ်(၃) တက်ရောက်ရန်ရောက်ရှိလာကြသူများကိုတွေ့ရစဉ် (ဇွန်၊ ၂၀၂၄)
စစ်မှုထမ်းသင်တန်းအပတ်စဉ်(၃) တက်ရောက်ရန်ရောက်ရှိလာကြသူများကိုတွေ့ရစဉ် (ဇွန်၊ ၂၀၂၄)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့ကို ဇန်နဝါရီ ၂၉ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ပြီး လူငယ်၊ လူလတ်နဲ့ လူကြီးပိုင်း အမျိုးသား၊ အမျိုးသမီး ၁၀၀ ဝန်းကျင်လောက်ကို ဖမ်းဆီးခဲ့ပေမယ့် ဒီကနေ့မှာတော့ လူကြီးပိုင်းနဲ့အမျိုးသမီးတွေကို ပြန်လွတ်ပြီး စစ်မှုထမ်းနိုင်မယ့်အရွယ် အမျိုးသားတွေကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။​

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်ရပ်ကွက်ကို ဇန်နဝါရီ ၂၉ ရက်၊​ မနေ့မနက် ၉ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးအဖွဲ့တွေနဲ့ မြို့နယ်ရဲမှူးအပါအဝင် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး ဒေသခံတွေကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။

“မနေ့က ၉ နာရီဝန်းကျင်လောက်က ဖြစ်တာပေါ့၊ ၉ နာရီ ၁၀ နာရီထိ လှည့်ပြီးတော့ဖမ်းတယ်။ မနေ့က တနေကုန်ပါပဲ။ မြို့ကို ပတ်ပြီးတော့ တွေ့သမျှလူ လိုက်ဆွဲတာဗျ။ ဖမ်းသွားတာကတော့ များတယ်။ ၁၀၀ လောက်ရှိတယ်။ ဒါပေမယ့် မိန်းကလေးတွေနဲ့ သက်ကြီးပိုင်းတွေကတော့ ပြန်လွတ်တယ်။ ဇီးကုန်းကတော့ စုစုပေါင်း နောက်ပိုင်း ကျနော်သိရသလောက် အရွယ်ကောင်းတွေပေါ့ ၃၀ ဝန်းကျင်၊ ၃၅ ၊ ၁၈၊ ၁၉ အဲ့လို အရွယ်လေးတွေ ၁၇ ယောက်လောက် ပါသွားတယ်လို့ ပြောတယ်ဗျ။”

ဇီးကုန်းမြို့ပေါ်မှာ ရာနဲ့ချီတဲ့ ဒေသခံတွေကို ဒီလို ပေါ်ပေါ်တင်တင် လှည့်လည်ဖမ်းဆီးတာ ဒီအကြိမ်ဟာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွန်ခဲ့တဲ့တပတ်လောက်ကလည်း ကန့်ဘလူမြို့ ပေါ်မှာ စစ်မှုထမ်းအတွက် ဒီလို ရာနဲ့ချီတဲ့ ဒေသခံတွေကို လှည့်လည် ဖမ်ဆီးတာမျိုးလုပ်ခဲ့ပြီး ဒေသခံ အနည်းဆုံး ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ တဦးက ခုလိုပြောပါတယ်။

“မနေ့ကတော့ ဇီးကုန်း မြို့ပေါ် ၆ ရပ်ကွက်ပေါ့ဗျာ၊ လက်ဆည်၊ နဂါးပေါ်၊ အောင်သိဒ္ဓိ၊ ရေနံအေး၊ ချမ်းအေးပေါ့ဗျာ။ ရာနဲ့ချီပြီးလုပ်တာတော့ ဒါဇီးကုန်းမြို့ပေါ်မှာ ပထမဆုံးအကြိမ်ပေါ့။ အရင်တုန်းကတော့ သူတို့က တယောက်စ နှစ်ယောက်စ ဖမ်းတာမျိုးတော့ ရှိတယ်။ ဒါပေမယ့် ပြန်လွတ်ခဲ့တယ်ပေါ့။ ပိုက်ဆံနဲ့ ရွေးရင်တော့ ပြန်လွတ်ခဲ့တာပေါ့ဗျာ- အရင်တုန်းကတော့။ ပြီးခဲ့တဲ့ တပတ်လောက်က ကန့်ဘလူမြို့ပေါ်မှာက ၃၅၀ လောက် ပါသွားတယ်ဗျ။ ၃၅၀ ဆိုတာက နယ်က အလုပ်လုပ်နေကြတဲ့သူရော၊ မြို့ပေါ်က လူငယ်တွေရော၊ အဓိက နယ်က အလုပ်လုပ်နေကြတဲသူတွေ အများစု ပါသွားတာပေါ့ဗျာ။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့တွေ အထိုင်ချနေတဲ့ ဝက်တော မြောက်ရွာကလည်း ဒီရက်ပိုင်းမှာ စစ်မှုထမ်းအတွက် လူငယ် ၅၀ ဝန်းကျင် ခေါ်ယူခံရတယ်လို့ ဆိုပါတယ်။ ပျူစောထီး အားကောင်းတဲ့ကျေးရွာဖြစ်တာကြောင့် အရင်က မဲနှိုက်ရွေးချယ်ပြီး စစ်မှုထမ်းခေါ်ယူတာလုပ်ပေမယ့် အခုအကြိမ်မှာတော့ လူငယ်တွေကို ရွေးချယ်ပြီး မလိုက်မနေရ စစ်မှုထမ်း ခေါ်ယူတာဖြစ်တယ်လို့ ဒေသခံက အခုလို ပြောပါတယ်။

“ဝက်တောမြောက်ရွာက သူတို့ စကစ ပျူအထိုင်စခန်း ရှိတဲ့ ရွာပေါ့ဗျာ။ ဝက်တောမြောက်ရွာက ၅၀၊ ၆၀ လောက်တော့ ပါမယ်၊ သူတို့ကလည်း အမြဲတမ်း မဲနှိုက်ခံနေရတဲ့ ကျေးရွာတွေပေါ့ဗျာ။ သူတို့က စစ်ကောင်စီရဲ့ လက်ခုပ်ထဲက ရေလိုဖြစ်နေတာပေါ့ဗျာ၊ သူတို့က ပျူရွာအထိုင်လည်း ဖြစ်နေတာဆိုတော့ အရင်က သူတို့က မဲနှိုက်စံနစ်နဲ့ စုဆောင်းတာရှိတယ်။ အခုကတော့ သူတို့က မဲမနှိုက်တော့ဘူး၊ လူငယ်မှန်သမျှကို ပေါ်တာဆွဲတဲ့ သဘောမျိုးပေါ့ဗျာ။”

ဇန်နဝါရီ ၃၀ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာလဲ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ဝက်တောတောင်ရွာနဲ့ ဂူကြီးကျေးရွာတို့ကို စစ်ကြောင်းဝင်ရောက်ပြီး စစ်မှုထမ် းအတွက် ဖမ်းဆီးတာမျိုး လုပ်ပေမယ့် ဖမ်းမိတဲ့ လူငယ် ရှိမရှိကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေက စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတစ်ဝန်းက ဒေသအတော်တော်များများမှာ တဖြည်းဖြည်း ပိုပြီး များပြားလာနေ ပါတယ်။

စစ်သားစုဆောင်းရေးအတွက် စစ်ကြောင်းထိုးပြီး လူငယ်တွေကို အဓမ္မ ဝင်ရောက်ဖမ်းဆီးတာတွေ အပြင် စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ရမ်းသမ်း ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စစ်ကိုင်းတိုင်း ဒေသ အတော်များများက ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ကောင်စီကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေ ရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပြီး စားဝတ်နေရးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG