သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကံခေသူ မြန်မာအမျိုးသမီး တာဝန်ထမ်းဆောင်ရင်းသေဆုံးမှု ပြည်နယ်အလံတဝက်လွှင့်ထူ


Paper lanterns are lit for the victims of the March 11, 2011 earthquake and tsunami disaster that killed thousands and triggered the worst nuclear accident since Chernobyl, in Tokyo, Japan.
Paper lanterns are lit for the victims of the March 11, 2011 earthquake and tsunami disaster that killed thousands and triggered the worst nuclear accident since Chernobyl, in Tokyo, Japan.

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ် San Francisco မြို့က အဓိက တံတားတခုဖြစ်တဲ့ San Francisco-Oakland Bay Bridge က Toll Plaza ယာဉ်ဖြတ်သန်းခ အခွန်ကောက်ခံတဲ့ဂိတ်ကို စနေနေ့ မနက်အစောပိုင်းက ထရပ်ကားနဲ့ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့အတွက် အဲဒီနေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနွယ်ဖွား ဒေါ်စီစီဟန်ဟာ နေရာတင် ပွဲခြင်းပြီး သေဆုံးသွားခဲ့ပါတယ်။ အခုလို ကြေကွဲဖွယ်ကောင်းတဲ့ ဖြစ်ရပ်ကြောင့် ယူကြုံးမရဖြစ်ရပြီး ဝမ်းနည်း ကြေကွဲတဲ့အနေနဲ့ ပြည်နယ်မြို့တော် Sacramento က မြို့တော်ခမ်းမနဲ့ အခင်းဖြစ်ပွားတဲ့ Toll Plaza တို့မှာ အမေရိကန်အလံကို တဝက်လွှင့်ထူထားပါတယ်။ ဒီအကြောင်း ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၂ ရက်၊ စနေနေ့ မနက် ၅ နာရီကျော်လောက်က ငှားထားတဲ့ ကုန်တင်ကားကြီးကို အရက်မူးပြီး မောင်းလာသူက San Francisco-Oakland Bay Bridge မှာရှိတဲ့ Toll Booth ကို ဝင်တိုက်ခဲ့တာကြောင့် Toll Booth နံပတ် (၁၄) မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနွယ်ဖွား ဒေါ်စီစီဟန် သေဆုံးသွားခဲ့တာပါ။

ဦးထွန်းမြတ်ဦးဟာ ဒေါ်စီစီဟန်နဲ့အတူ အဲဒီ Toll Plaza မှာ တာဝန်ထမ်းဆောင်သူ လုပ်ဖော် ကိုင်ဘက် တဦးဖြစ်ပါတယ်။ သူက အခင်းဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“Tri Axle Truck အထွက်ပေ့ါခင်ဗျ သူကနောက်မှာ ဘီးတလုံး ရှေ့မှာ ၂ လုံးပေါ့ခင်ဗျ Tri Axle Truck ဆိုတော့ ဒီဟာက ကျနော်ထင်တာ အရှေ့မှာခံထားတဲ့ ဒီဘိုင်တာ က ဒီဟာက သံတို့ အလူမီနီယံတို့လိုခံထားတဲ့ဟာပေါ့ခင်ဗျ အဲဒီဟာကို တက်နင်းပြီး ဒီကားက လေပေါ်မြောက်သွားတာ။ ဘယ်လောက်အထိမြောက်သွားသလဲဆိုရင် ကျနော်တို့ ceiling က ၃၀ မြင့်တယ် အဲဒီ ၃၀ကို ထိသွားတယ်။ ပေ ၃၀ မြင့်တယ် ကျနော်တို့ ceiling က ။ သံ Frame ကိုတက်နင်းပြီးတော့ Jam ဖြစ်ပြီးတော့ အဲဒီအလူမီနီယံရှေ့မှာရှိတဲ့ အုတ်ကို အဲဒီအရှေ့မှာ အုတ်ရှိသေးတာပေါ့နော် အဲဒီအုတ်ကို ဘီးကျပြီးတော့ အဲဒီအချိန်မှာ အဲဒီ Booth ကို တခါတည်းအပြီးတိုက်လိုက်တာ။ တိုက်ပြီးတော့ အဲဒီကားကြီးက ၂ ခြမ်းကွဲသွားတယ် ။ ကွဲပြီးတော့ ၄ /၁၄ ဘက်ကို ကျသွားတယ်အဲဒီကျတော့မှ အဲဒီကျသွားတဲ့ ဘေးက ကားတွေကို ထပ်ပြီးတော့ ပြုတ်ကျတာ အဲဒီမစီစီရဲ့ဘေးမှာ ကား ၂ စီးရှိတယ်။ အဲဒီ ၂ စီးကို မတိုက်မိဘူးခင်ဗျ ပြဿနာက ၊ တကယ်လို့သာ တိုက်မိရင် သူ့စီကို အဲလောက်ကြီးမရောက်ဘူး နောက်တခါ သူကိုယ်က ကံဆိုးတာက သူက ၁၄ ဗျာ ၊ ၁၃ မှာက ကားမရှိဘူး ။ အဲဒီ ကား၂ စီးက ဘယ်လိုဖြစ်နေသလဲဆိုတော့ Booth မှာ ပိုက်ဆံပေးပြီးတဲ့ တစီးရယ်၊ ပေးပြီးခါစ တစီးရယ် ရှေ့မှာဖြစ်နေတယ် နောက်မှာမဖြစ် ဘူး အဲဒီတော့ ဒီကားကြီးက တိုက်လိုက်မိတာက ဒီဘိုင်တာ ကိုတိုက်လိုက်တယ်၊ ဒီဘိုင်တာ ကတဆင့် ကွန်ဂရစ်ကို တိုက်တယ်၊ ကွန်ကရစ်ကနေတဆင့် မစီ ရှိတဲ့ Booth ကိုဝင်တိုက်တယ်။ အဲဒီ ကွန်ဂရစ်ပေါ်မှာ ဆောက်ထားတဲ့ Booth က ပေ ၁၀၀ လောက်လွင့်သွားတယ်။”

အခုလို တာဝန်ထမ်းဆောင်ရင်း အသက် (၄၆) နှစ်အရွယ် ဒေါ်စီစီဟန် ရုတ်တရက် သေဆုံးသွားတဲ့အတွက် မိသားစုအပါအဝင်၊ လုပ်ဖော်ကိုင်ဘက်များအတွက် ကာလီဖိုးနီးယား ပြည်သူတွေနဲ့အတူ များစွာ စိတ်မကောင်းဖြစ်ရကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး Jerry Brown ကလည်း အခင်းဖြစ်သွားတဲ့ စနေနေ့မှာဘဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်စီစီဟန် ရုတ်တရက် သေဆုံးသွားတဲ့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ပြည်နယ်မြို့တော် Sacramento က မြို့တော်ခမ်းမနဲ့ အခင်းဖြစ်ပွားတဲ့ Toll Plaza တို့မှာ အမေရိကန်အလံကို တဝက်လွှင့်ထူထားပါတယ်။

တကယ်တော့ အဲဒီနေ့ဟာ ဒေါ်စီစီဟန် တာဝန်ကျတဲ့နေ့မဟုတ်ဘဲ နေမကောင်းလို့ အလုပ်မလာနိုင်သူ လုပ်ဖော် ကိုင်ဘက်တဦးရဲ့ နေရာမှာ အစားထိုး တာဝန်ထမ်းဆောင်နေစဉ် အခုလို ယာဉ်တိုက်မှု ဖြစ်သွားခဲ့တာလို့ ဦးထွန်းမြတ်ဦးက ရှင်းပြပါတယ်။

“သူ့ရဲ့ Regular shift မဟုတ်ဘူး ၊ တခြားလူတယောက်က Sick call ခေါ်လိုက်တဲ့အတွက် သူလာရတာ။ ကျနော်နဲ့ သူနဲ့ က သောကြာနေ့မှာ လာတယ်၊ စနေနေ့မှာ သူဆုံးတာပေါ့နော် သောကြာနေ့မှာ ကျနော်နဲ့ သူက Work Shift ကိုအတူတူကြည့်ကြတာပေါ့နော်။ ကြည့်တော့ ကျနော်က သူ့ကိုမေးတယ် နင် shift ရှိလားဆိုတော့ သူကမရှိဘူးတဲ့ ၊ ကျနော်ကတော့ ရှိတယ် afternoon မှာ ဆိုတော့ နင် အိမ်မှာ နားနားနေနေ နေလိုက်ပေါ့လို့တောင် ကျနော်ပြောလိုက်သေးတယ်။ နောက်နေ့မှာ ကျနော် သူဆုံးပြီးမှ သိတာ ၊ အဲဒီ Lane က အမျိုးသမီးက ညမှာ Sick call ခေါ်လိုက်တဲ့အတွက် သူ့ကိုလှမ်းခေါ်လိုက်တော့ သူကလာတာပေါ့နော်။”

သူဟာ အခင်းမဖြစ်ခင် ၁၀ မိနစ်လောက် အလိုကမှ တာဝန်ထမ်းဆောင်တဲ့ Toll Booth ကို ရောက်လာတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အသက် (၃၀) အရွယ် ထရပ်ကား ယာဉ်မောင်းကို ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားပြီ ဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် ဒေါ်စီစီဟန် တဦးသာ သေဆုံးသွားပြီး တခြား ထိခိုက် ဒဏ်ရာရသွားကြသူတွေကိုတော့ Highland ဆေးရုံမှာ ကုသမှု ပေးနေတယ်လို့ သိရပါတယ်။

အဲဒီ Toll Plaza မှာ တာဝန်ထမ်းဆောင်တဲ့ စုစုပေါင်း ဝန်ထမ်း ၆၅ ယောက်ရှိတဲ့အထဲ မြန်မာနွယ်ဖွား ၁၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒေါ်စီစီဟန် အဲဒီလို ရုတ်တရက် သေဆုံးသွားတာကြောင့် မိသားစုရဲ့ တောင်းဆိုချက်အရ အခင်းဖြစ်ပွားတဲ့ နေရာကိုသွားပြီး ဗုဒ္ဓဘာသာ ထုံးစံအရ ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဇာယ်ခဲ့တယ်လို့ East Bay မှာရှိတဲ့ မုဒိတာရွှေကျောင်း ဆရာတော် ဦးဉာဏိကက မိန့်ပါတယ်။

“ဗုဒ္ဓဘာသာထုံးစံအတိုင်းပေါ့လေ သူတို့မိသားစုကလာပြီးတော့ပင့်တဲ့အတွက် မစီစီဟန်ဆုံးသွားတဲ့ အလုပ်လုပ်တဲ့ San Francisco Bay Bridge ကိုသွားတယ်။ အဲဒီကိုသွားပြီးတော့ သူတို့ရုံးခန်းထဲမှာ မစီစီဟန်အတွက် ထုံးစံအတိုင်း ဦးပဉ္စင်းတို့တတွေ သရဏဂုံနဲ့ ၅ ပါးသီလ ဆောက်တည်ကြတယ်။ အဲဒီရဲ့နောက်မှာ ဦးပဉ္စင်းတို့ မေတ္တာပွားများတယ်၊ ဆုတောင်းတယ်၊ အမျှဝေတယ်။ နောက်ပြီးတော့ မရဏာနုဿတိ ဘာဝနာကို စီးဖြန်းကြတယ်။ ဒါက ဘာသာရေးအစဉ်အလာပါပဲ။”

ဝန်ထမ်းတွေ ယာဉ်ဖြတ်သန်းခ ကောက်ခံတဲ့ Toll Booth တည်ရှိရာ ပတ်လည်မှာ အခုလို ယာဉ်တိုက်မှု မဖြစ်ရအောင် အကာအရံတွေ တည်ဆောက်ထားပေးပေမယ့် Toll Plaza မရောက်ခင် ကိုက် ၂၀၀ - ၃၀၀ လောက်အလိုမှာ မော်တော်ယာဉ်တွေ အရှိန်လျော့ မောင်းစေမယ့် အတားအဆီးတွေ ရှိမနေတဲ့ကိစ္စကို မကြာခင် ပြုလုပ်မယ့် ဝန်ထမ်းများ စည်းဝေးပွဲမှာ တင်ပြသွားဖို့ စီစဉ်ထားတယ်လို့ ဦးထွန်းမြတ်ဦးက ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့ စနေနေနေ့ကစပြီး လုံခြုံရေးနဲ့ဆိုင်တဲ့ သင်တန်းတွေကို Caltran ကုမ္ပဏီက ပို့ချပေးနေကြောင်းလည်း ဦးထွန်းမြတ်ဦးက ပြောပါတယ်။

“ဖြစ်တဲ့နေ့ချင်းပဲ သူတို့ ဘယ်လိုဖြစ်ရင် ဘာတွေလုပ်ရမယ်ဆိုတာတွေ ချက်ချင်းတော့ လာပြောကြတယ်။ Meeting ကတော့ ၃ လတခါလုပ်တယ် နွေရာသီဆိုရင် ရေသောက်ဖို့တွေ ၊ မီးလောင်ရင် ဘာလုပ်ရမယ်၊ ဓါးပြတိုက်ရင် ဘာလုပ်ရမယ် အဲဒါမျိုးတွေတော့ အမြဲလုပ်ပါတယ် ၃ လတခါ”

သူတို့ ဒေသမှာ Toll Booth ကို ယာဉ်နဲ့ ဝင်တိုက်ပြီး လူသေမှုဖြစ်တာ ဒါဟာ ပထမဆုံးအကြိမ်ဘဲလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က Bay Area မှာ နေထိုင်သူနဲ့ အိမ်ထောင်ကျပြီး အမေရိကန်ကို ရွေ့ပြောင်း နေထိုင်နေတဲ့ ဒေါ်စီစီဟန်ဟာ ဘာသာရေး ကိုင်းရှိုင်းသူတဦးဖြစ်ပြီး ကွယ်လွန်ချိန်မှာ ခင်ပွန်းဖြစ်သူနဲ့ ၁၀ နှစ်အရွယ် သမီးတဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG