ဆော်ဒီအာရေဗီရ နိုင်ငံမှာ အရင်တုန်းကလို မဟုတ်တော့ပဲ၊ လင်ယောက်ျားတွေက ကိုယ့်ဇနီးမယားကို အသိပေးပြီးမှ လင်မယားကွာရှင်း ပြတ်စဲခွင့်ရှိမယ့် အခွင့်အရေးတရပ်ကို ဆော်ဒီအိမ်ထောင်ရှင် အမျိုးသမီးတွေ ရလိုက်ပြီဖြစ်ပါတယ်။
ကွာရှင်းလိုတဲ့ အိမ်ထောင်ရှင်အမျိုးသားဟာ ကိုယ့်ဇနီးသည်ကို text message ပို့ပြီး အကြောင်းကြားထားတယ်ဆိုတဲ့ သက်သေအထောက် အထားကို တရားရုံးမှာ တင်ပြရမှာဖြစ်တယ်လို့ တနင်္ဂနွေနေ့ တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။
အရင်ကဆိုရင် ဆော်ဒီအမျိုးသားတွေဟာ ဇနီးမယားကို အသိပေးစရာမလိုပဲ ကွာရှင်းခွင့်ရှိသလို၊ မယားစားရိတ် မထောက်ချင်ရင်လည်း ငြင်းဆိုခွင့် ရှိခဲ့ပါတယ်။ အခုတော့ လင်ယောက်ျားတွေအနေနဲ့ ဆက်မပေါင်းလိုတော့ဘူးဆိုတဲ့ text message တစောင် ပေးပို့ဖို့တော့ လိုတယ်လို့ ပြဌာန်းလိုက်တာဖြစ်ပါတယ်။ အာရပ်နိုင်ငံ အများစုမှာ ဇနီးကို အသိမပေးဘဲ ကွာရှင်းပြတ်စဲနိုင်ကြပါတယ်။ ဆော်ဒီနိုင်ငံက အခု အပြောင်းအလဲဟာ အမျိုးသမီးအခွင့်အရေး နည်းပါးနေသေးတဲ့ အစ္စလာမ်နိုင်ငံတခုအတွက် ကြီးမားတဲ့အပြောင်းအလဲအဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုနေကြ ပါတယ်။