{{Zawgyi/Unicode}}
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေကို နောက်ထပ် သီတင်း ၁ ပတ် ဆက်ပိတ်ထားဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ကပ်ရောဂါ ကူးစက်ပျံပွားမှုတွေ တားဆီးထိန်းချုပ်ဖို့ အခြေခံ ပညာစာသင်ကျောင်းတွေ ၊ ပုဂ္ဂိုလိကစာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေကို ရှေ့သီတင်းပတ် တနင်္လာနေ့ သြဂုတ်လ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီ ဆက်ပိတ်ထားမှာဖြစ်ကြောင်း ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
ကိုဗစ်တတိယလှိုင်းကြောင့် ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပိုး ကူးစက်သူ အတည်ပြုလူနာ ၃,၄၃၀ ဦး နဲ့ သေဆုံးသူ ၂၁၅ ဦး ရှိခဲ့ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဓါတ်ခွဲစမ်းသပ်မှုနမူနာ ၁၂,၈၀၁ ဦးကို စစ်ဆေးခဲ့တာမှာ ကူးစက်သူ လူနာသစ် ၃,၄၀၀ ကျော် တိုးလာတာကြောင့် အခုဆိုရင် ကူးစက်သူ စုစုပေါင်း ၃၄၄၇၃၀ နဲ့ သေဆုံးသူ ၁၂၆၆၇ ရှိသွားပြီလို့လည်း ပြောပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် (Stay at home) မလိုအပ်ဘဲ အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း အနည်းဆုံး ၁၁၀ ရှိသွားပြီ ဖြစ်ပြီး အစိုးရရုံးပိတ်ရက်ကိုလည်း သြဂုတ်လ ၂၂ ရက်နေ့အထိ တိုးမြင့် သတ်မှတ်လိုက် ကြောင်း မနေ့က ကြေညာချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတင်ချိန်ကစလို့ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်တွင်းမှာသာမက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကပါ အမြန်ဆုံး ထိန်းချုပ်နိုင်အောင် ကြိုးပမ်းကြဖို့ တိုက်တွန်းနေကြပါတယ်။
...............................................
{{Unicode}}