သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမြို့မှာ ကျောင်းတွေပြန်ဖွင့်မည်


မောင်တောမြို့အထက်တန်းကျောင်းတခု (MOI)
မောင်တောမြို့အထက်တန်းကျောင်းတခု (MOI)

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းမှာ အခြေအနေ တည်ငြိမ်စပြုလာပြီဖြစ်တာကြောင့် စာသင်ကျောင်းတွေကို ပြန်ဖွင့်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ လောလောဆည်မှာ မြို့ပေါ်ကျောင်းတချို့ကို စတင်ဖွင့်လှစ်ဖို့ ရှိနေပြီး နောက်ပိုင်းမှာပါ ကျေးလက်က ကျောင်းတွေဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ အကြမ်းဖက်တိုက်ခိုက်တာတွေဖြစ်ပွားပြီးတဲ့နောက် ပိတ်ထားခဲ့တဲ့ စာသင်ကျောင်းတွေကို ဒီရက်ပိုင်းတွေအတွင်း ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ စာသင်ကျောင်း ၁၈၀လောက်ရှိတဲ့အနက်မှာ လောလောဆည် မြို့ပေါ်ကျောင်း တချို့ကို ပြန်ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်း မောင်တော မြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။

“ကျောင်းဖွင့်ဖို့တော့ စီစဉ်နေပြီ။ နောက်၂ရက်တော့ မြို့ပေါ်ကျောင်းတွေကို စပြီးတော့ ဖွင့်မယ်။ မြို့ပေါ်ကျောင်း ၄ကျောင်းကို စဖွင့်မယ်။ ဆရာ၊ဆရာမတွေကိုလည်းပဲ ၁၇ရက်နေ့ နောက်ဆုံးထားပြီးတော့ တာဝန်ကျတဲ့နေရာကို လာပါဆိုပြီးတော့ ခေါ်ထားတယ်။ ခေါ်ထားတော့ ကလေးတွေလည်း ပြန်လာကြမှာဆိုတော့ ပထမဆုံးဖွင့်လိုက်မှာပေါ့။ ”

မြို့ပေါ်ကျောင်းတွေဖွင့်ပြီးတဲ့နောက်မှာ မြို့နဲ့ အနီးအနားက ကျောင်းတွေကို ဒုတိယအဆင့်နဲ့ အလှမ်းကွာတဲ့ဒေသက ကျောင်းတွေကို တတိယအဆင့်ထား ဖွင့်လှစ်ဖို့ စီစဉ်ထားကြောင်းလည်း ပြောပါတယ်။

ဆရာ၊ဆရာမတွေနဲ့ နေရပ်မပြန်လာတဲ့ ကျောင်းသားတွေအတွက် စီစဉ်ဆောင်ထား တာကိုလည်း အခုလို ပြောပါတယ်။

“ ကျနေ်ာတို့ ဌာနကလည်း မိမိဒေသကို တာဝန်ထမ်းဆောင်ဖို့ သွားရမယ်ဆို သူတို့ လာကြမှာ။ လာကြတော့ လုံခြုံရေးရှိတဲ့နေရာတွေကိုပဲ ကျနော်တို့က ဦးစားပေးပြီးတော့ လွှတ်မှာလေ။ လုံခြုံရေးမရှိတဲ့နေရာတွေတော့ ဘယ်လွှတ်မလဲ။ အဲတော့ မြို့ပေါ်မှာ ထားပြီးတော့ အဲဒီဆရာတွေကို သင့်တော်တဲ့ နေရာတွေမှာ ယာယီတာဝန်ပေးမှာပေါ့။ နေရပ်စွန့်ခွာသွားတဲ့ မိဘတွေရဲ့နောက်မှာ လိုက်ပါသွားတော့ကလေးတွေက တခြားမြို့နယ်တွေ မြောက်ဦးတို့၊ ကျောက်တော်တို့၊ ပုဏ္ဍားကျွန်းတို့၊ စစ်တွေတို့ရောက်နေတဲ့ ဟာတွေ အဲဒီကလေးတွေပြန်လာမှ ပြန်လာလို့ ကျောင်းမှာရှိရင်တော့ ကျနော်တို့က ဖွင့်ပေးရမှာ။ တကယ်လို့ ကလေးတွေကို စိတ်မချလို့ ပို့ထားတယ်ဆိုရင်တော့ ရောက်တဲ့မြို့မှာပဲ သင်ကြားလို့ ရအောင်ကျနော်တို့ စီစဉ်ထားတယ်လေ။”

အကြမ်းဖက် တိုက်ခိုက်တာတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ ဒေသခံတချို့ဟာ အခြားအရပ်ဒေသကို တိမ်းရှောင်သူတွေ ရှိသလို တချို့ကတော့ မိမိနေရပ်က မခွာဘဲ ဆက်လက်နေထိုင်သူတွေလည်းရှိနေတာပါ။

ရန်ကုန်မြို့က ဆွေမျိုးတွေဆီ တိမ်းရှောင်နေတဲ့ မောင်တောမြို့ခံတဦးကတော့ သူ့ သားသမီးတွေကို ရန်ကုန်မှာပဲ ပညာသင်ကြားဖု့ိစိစဉ်နေကြောင်းပြောပါတယ်။

“ ကျမတို့ကတော့ ကျမတို့ကလေးတွေကို ဒီကိုခေါ်လာပြီး ဒီမှာ စာသင်ခိုင်းထားတာ။ အဲဒီနေရာကို ဘယ်လိုအခြေအနေနဲ့မှ သွားဖို့က မလွယ်တော့ဘူးလေ။ ”

မောင်တောမြို့နယ် ကိုင်းကြီးရွာသားတဦးက

“ ကျောင်းပြန်ဖွင့်မယ်ဆိုလို့ကတော့ ကျနော်တို့က ကိုယ့်ကျောင်းကို ထားမှာ။ အခင်းဖြစ် ပြဿနာဖြစ်ပြီး ကျနော်တို့ ဘယ်မှ မသွားဘူး။ ကျနော်တို့ မိသားစုက အကုန်လုံး ရှိနေတာ။”

လက်ရှိ လုံခြုံရေးအခြေအနေကို ကိုင်းကြီးရွာသားက အခုလို ဆက်ပြောပါတယ်။

“ အခြေအနေကတော့ အခုချိန်ခါမှာတော့ တည်ငြိမ်တယ်လည်း မဟုတ်ဘူး။ အကြမ်းဖက်သမားကတော့ အကြမ်းဖက် မတိုက်တောဘူးပေါ့။ ဒါပေမဲ့ ရှင်းလင်းရေးတွေ လုပ်နေတာတော့ တွေ့နေရတယ်။ အခုကတော့ သတိနဲ့ပဲ နေနေရတာပေါ့။ ”

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားချိန်က သူတို့ရွာသားတွေဟာ တပတ်လောက် ညစဉ် ကင်းစောင့်တာတွေ ရှိခဲ့ပေမဲ့အခုအခါမှာတော့ လုံခြုံရေးအခြေအနေ တိုးတက် လာကြောင်း ပြောပါတယ်။

ဘူးသီးတောင်မြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတော့ ဘူးသီးတောင်မြို့နယ်အတွင်း ကျောင်းဖွင့်လှစ်တဲ့အခြေအနေနဲ့ လုံခြုံရေးအခြေအနေကို အခုလို ပြောပါတယ်။

“ ကျနော်တို့ကတော့ မနေ့က ပညာရေးမှုးရုံးမှာတော့ ကျောင်း၉ကျောင်းကို စတင်ပြီးတော့ ဖွင့်မယ်လို့ အဲလိုတော့ ကြေညာထားတာ တွေ့ပါတယ်။ အဓိကကတော့ တပ်ရင်း တပ်ဖွဲ့ထဲက ကျောင်းတွေဖြစ်နေပါတယ်။ ကျနော်တို့ မြို့နယ်မှာတော့ လောလောဆည်မှာ ထူးထူးခြားခြားတော့ မရှိဘူး။ ငြိမ်နေတဲ့အခြေအနေရှိနေတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်။ ”

ဘူးသီးတောင်မြို့နယ်မှာ စာသင်ကျောင်း ၂၁၀လောက်ရှိနေတာဖြစ်ပါတယ်။

ဘူးသီးတောင်မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်း ၁၀ခုလောက်ရှိပြီး မောင်တောနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက တိမ်းရှောင်လာသူ ၂၅၀၀လောက်ရှိကြောင်းလည်း ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ အကြမ်းဖက်သမားတွေက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင်စတဲ့ မြို့ကြီးတွေမှာ အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကြောင့် လုံခြုံရေးတင်းကျပ်တာတွေ ရှိနေသလို ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာလည်း လုံခြုံရေးတိုးမြှင့်ထားရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG