သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးအဓိကရုဏ်းကြောင့် ဗြိတိန်မှာ လုံခြုံရေး ဆက်လက်တင်းကြပ်ထား


နိုင်ငံပြောင်းအခြေချသူတွေအပေါ် လက်ယာစွန်းရောက်သူတွေ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် အင်္ဂလန်အရှေ့မြောက်ပိုင်း The Beacon မြို့မှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ (ဩဂုတ် ၇၊ ၂၀၂၄)
နိုင်ငံပြောင်းအခြေချသူတွေအပေါ် လက်ယာစွန်းရောက်သူတွေ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် အင်္ဂလန်အရှေ့မြောက်ပိုင်း The Beacon မြို့မှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ (ဩဂုတ် ၇၊ ၂၀၂၄)

ဗြိတိန်နိုင်ငံတဝန်း လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားသလို ဗုဒ္ဓဟူးနေ့က လူမျိုးရေးခွဲခြားမှု တန်ပြန်တဲ့ ဆန္ဒပြပွဲတွေကြောင့် မနေ့ညက အထိကရုန်းတွေ မရှိဘဲ အတော်လေးငြိမ်းချမ်းခဲ့တယ်လို့ လန်ဒန်မြို့တော်ရဲမင်းကြီးက ပြောပါတယ်။ မွတ်ဆလင်တွေနဲ့ နိုင်ငံပြောင်းအခြေချသူတွေအပေါ် လက်ယာစွန်းရောက်သူတွေ ပြီးခဲ့တဲ့သီတင်းပတ်က ပစ်မှတ်ထားတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတဝန်းလမ်းတွေမှာ ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ထက်မနည်းကို ဖြန့်ချထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အကြီးအကျယ်နှိမ်နှင်းမှုကြောင့်ရော လူမျိုးရေးခွဲခြားတိုက်ခိုက်မှုတွေကို မလိုလားတဲ့ ပြည်သူတွေရဲ့ စည်းလုံးမှုကြောင့်ပါ အခြေအနေတွေ ပြန်လည်ငြိမ်သက်နေတယ်လို့ လန်ဒန်မြို့တော်ဝန်ရဲမင်းကြီး Mark Rowley ကဒီနေ့ ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်းက Croydon မြို့နဲ့ မြောက်ပိုင်းအိုင်ယာလန်နယ်မှာ လူမျိုးရေးအမုန်းပွားမှု အခြေခံတဲ့တိုက်ခိုက်မှုတွေ လုပ်ဖို့ ကြိုးစားတာတွေ မနေ့ညက ရှိခဲ့ပေမဲ့ ရဲတွေက ထိန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံတဝန်း အကြမ်းဖက် အဓိကရုဏ်းတွေ စတင်ဖြစ်ခဲ့ချိန်ထဲက အခုချိန်ထိ ဖမ်းဆီးထားသူ ၄၀၀ ကျော်ရှိပြီလို့ ရဲမင်းကြီး Rowley ကပြောပါတယ်။ လူမျိုးရေးခွဲခြားမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို London, Birmingham, Bristol, Liverpool၊ Newcastle စတဲ့မြို့တွေအပါအဝင် မြို့တွေမှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တာမှာ ထောင်နဲ့ချီ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့က နိုင်ငံအနောက်မြောက်ဖက်မှာရှိတဲ့ Southport မြို့မှာ မိန်းကလေးငယ် ၃ ဦးဓါးထိုး သတ်ဖြတ်ခံရမှု ဖြစ်ခဲ့ပြီးနောက် လန်ဒန်မြို့တော်အပါအဝင် မြို့တော်တော်များများမှာ လူမျိုးရေးအမုန်းပွားတဲ့ အထိကရုန်းတွေ စတင်ခဲ့တာဖြစ်ပါတယ်။ ဓါးထိုးတိုက်ခိုက်သူဟာ ဒုက္ခသည်အဖြစ်လျှောက်ထားသူ အစ္စလာမ်မစ်တဦးဖြစ်တယ်ဆိုတဲ့ အလိမ်အညာ ပိုစ့်တွေ အွန်လိုင်းမှာ ပျံ့ခဲ့ပြီးနောက် မွတ်ဆလင်တွေနဲ့ နိုင်ငံပြောင်းအခြေချ နေထိုင်သူတွေ၊ သူတို့ပိုင်ဆိုင်မှုတွေအပေါ် တိုက်ခိုက် ဖျက်ဆီးမှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်အဓိကရုဏ်းတွေဖြစ်အောင် လုပ်ဆောင်မှုနဲ့ အမျိုးသား ၂ ယောက်ကို တရားရုံးက ထောင်ဒဏ် ၂ နှစ်နဲ့ ၈ လ ဒီနေ့ချမှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG