သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညောင်ရွှေ၊ အောင်ပန်း စစ်ရှောင်တွေ ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ် 


ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနဲ့ အောင်ပန်းမှာ စစ်ရှောင်နေသူတွေအတွက် ဆေးဝါးအကူအညီနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတွေက VOA ကို ပြောပါတယ်။ ညောင်ရွှေက ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြသူတွေထဲ ကလေးငယ်အများစုမှာ အရေပြားယားယံတဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့လည်း ပြောပါတယ်။ စစ်ရှောင်နေသူတွေရဲ့ လတ်တလော အခြေအနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့က ထပ်အိမ်ဂူဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြသူတွေထဲ ကလေးငယ်အများစုဟာ အရေပြားယားယံတဲ့ ဝေဒနာကို ခံစားနေရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ Pro ပရဟိတအဖွဲ့က ပြောပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ စစ်ရှောင်တွေနဲ့ အနီးဝန်းကျင်ကနေ ကျောင်းလာတက်တဲ့ ကလေးငယ်ပေါင်း ၇၀၀ ကျော်ရှိနေတယ်လို့လည်း ပြောပါတယ်။

"ယားနာနဲ့ ပါးချိတ်ရောင်တာ အဖြစ်များနေတယ်ဗျ။ ဆေးဝါးလိုအပ်ချက်ကတော့ ဆက်ပြီးတော့ ရှိနေသေးတယ်။ စစ်ရှောင်နေသူတွေက ရှမ်းမြောက်၊ ကယား၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ အဲဒီဘက်ကတွေ များတယ်ဗျ။ ရှမ်းတောင်က ဆီဆိုင်ပါမယ်ဗျ။ ရှမ်းမြောက်ကတော့ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို အဲဒီကနေ များတယ်ဗျ။"

စစ်ရှောင်နေသူတွေဟာ ညောင်ရွှေမြို့ နေရာအနှံ့မှာရှိနေလို့ အရေအတွက် တိတိကျကျ ခန့်မှန်းမရနိုင်ဘူးလို့ ပြောပါတယ်။ ဒေသတွင်းနယ်မြေ တည်ငြိမ်နေပေမယ့် စစ်ရှောင်တွေအတွက် အကူအညီတွေက လိုအပ်နေတယ်လို့ ကိုယ်တိုင် စစ်ရှောင်ရင်း ကူညီနေသူတွေက ပြောပါတယ်။

လွိုင်ကော်၊ သီပေါ၊ လားရှိုးနဲ့ ကျောက်မဲကနေ ရောက်လာကြတဲ့ စစ်ရှောင်အများစုရှိရာ အောင်ပန်းမြို့မှာလည်း စစ်ဘေးရှောင်စခန်းတွေ မရှိဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ်သာ နေထိုင်တဲ့အတွက်ကြောင့် အခြေခံလိုအပ်ချက်တွေက ရှိနေတယ်လို့ စစ်ရှောင်ကူနေသူတဦးက ပြောပါတယ်။

"စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာလာရင် အရင်ကဆို ဆန်၊ ဆီ၊ ဆားတွေအကုန်လုံး လိုက်ပြီးတော့ဝေတယ်။ အခုနောက်ပိုင်းကျတော့ အလှူရှင်တွေကလည်း မရှိတော့ဘူး။ စစ်ရှောင်တွေကလည်း တဖြည်းဖြည်းနဲ့ မိတ်ဆွေမြန်မာက ၃ - ၄ လမှာ တခါလာလှူတယ်။ အဲလိုမျိုးလေးတွေပဲ ကျန်တာပေါ့။ အောင်ပန်းမှာက စစ်ရှောင်ဆို Camp မရှိတဲ့အတွက် သူတို့ဘာသူတို့ အိမ်ငှားနေရတယ်။ နေထိုင်ရေးအတွက်ကတော့ အခက်အခဲတွေ ရှိတာပေါ့။ အရင်ကတော့ ဘုန်းကြီးကျောင်းတို့ ဘာတို့မှာ Camp တွေဘာတွေလုပ်တယ်။ အခုကျတော့ Camp တွေလည်း မရှိဘူး။ တခြားမြို့နယ်ဆိုရင်တော့ Camp ထားပေးတယ်ပေါ့။ အဲလိုဆိုရင် ကျနော်တို့က Camp ကိုသွားပြီး ကွင်းဆင်းလိုက်ရုံပဲ။"

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်ရှောင်သူဦးရေက ၃,၀၀၀ ကျော်ရှိမယ်လို့ ကူညီသူတွေက ခန့်မှန်းထားပါတယ်။ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ ရှမ်း-ကယားနယ်စပ်က ဒေသခံတွေဟာ စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်နေရင်း နေရပ်မပြန်နိုင်ကြသေးပါဘူး။ စစ်ရှောင်တွေစုပေါင်းနေထိုင်တဲ့ နေရာအများစုမှာ ကလေးငယ်တွေ အရေပြားယားယံ ဝေဒနာခံစားနေရတာဟာ ညောင်ရွှေအပြင် တခြားဒေသက စစ်ဘေးရှောင် ဒုက္ခသည်တွေ ရှိတဲ့ နေရာတွေမှာလည်း အဖြစ်များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG