သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် အိုးအိမ်စွန့်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး စီစဉ်နေ


ရှမ်းပြည်နယ်ရှိ စစ်ရှောင်ဒုက္ခသည်တချို့။ (မှတ်တမ်းဓာတ်ပုံ)
ရှမ်းပြည်နယ်ရှိ စစ်ရှောင်ဒုက္ခသည်တချို့။ (မှတ်တမ်းဓာတ်ပုံ)

[Zawgyi/Unicode]

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေထဲက အိမ်ထောင်စု ၁၀၀ လောက်ကို မကြာခင် နေရပ်ပြန်နိုင်အောင် ပြည်နယ်အစိုးရက စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ ၉ နှစ်လောက်ကတည်းက ထွက်ပြေး တိမ်းရှောင်လာသူတွေ အပါအဝင် ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံဒေသတွေမှာ ခိုလှုံနေကြသူတွေကို ပြည်နယ်အစိုးရက နေရပ်ပြန်နိုင်အောင် စီစဉ်နေတာ ဖြစ်ပါတယ်။ အိမ်ထောင်စု ၁၀၀ လောက်အတွက် ကျပ်သန်း ၅၀၀ အကုန်အကျခံပြီး ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတာလို့လည်း မန်တုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမိုင်းသိန်းဇော်က ဗွီအိုအေကို ပြောပါတယ်။

“ရှမ်းပြည်နယ်အစိုးရဘက်ဂျက်က ရှမ်းပြည်နယ်အတွင်းမှာ ဒီ camp လေးတွေနော်... ပိတ်သိမ်းဖို့ရန်အတွက်က ကျပ်သန်း ၅၀၀ လျာထားလိုက်တယ်။ အဲ့ဒီမှာ လျာထားလိုက်တဲ့အခါကျတော့ ကျနော်တို့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ကွတ်ခိုင်တို့၊ နမ္မတူတို့၊ မန်တုံတို့ အဲ့ဒီမှာ သူတို့အတွက် တွက်ချက်တဲ့အခါမှာ ဥပမာ အိမ်ထောင်စု ၁၀၀ အတွက်ပေါ့နော်။ ကျပ်သန်း ၅၀၀ လျာထားတဲ့အခါ ကျနော်တို့ကတော့ အဲ့ဒီမှာတွက်ချက်တဲ့အချိန်မှာ တစ်အိမ်ထောင်စုကို သိန်း ၅၀ လောက်ကျပါတယ်။ မြို့ပေါ်မှာကျတော့ camp စခန်းကို မထားတော့ပဲနဲ့ ကျနော်တို့ကတော့ မိမိရဲ့နေရပ်ကို ပြန်လည်ပို့ရန်အတွက် အဲ့ဒီမှာ သူတို့ရဲ့ သဘောတူညီမှုကိုလည်း ရယူထားတယ်၊”

၂၀၁၂ ခုနှစ်က ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေ အပါအဝင် ဒုက္ခသည်တွေက နေရပ်ပြန်လိုကြတဲ့အတွက် ပြည်နယ်အစိုးရက စီစဉ်ပေးနေတာလို့လည်း ပြောပါတယ်။

အိမ်ထောင်စု ၆၀ နီးပါး ခိုလှုံနေတဲ့ ဒုက္ခသည်စခန်း ၂ ခုရှိရာ မန်တုံမြို့မှာလည်း နေရပ်ပြန်ချင်သူတွေ ရှိတာကြောင့် အစိုးရက ပြန်လည်နေရာချထားပေးနိုင်အောင် စီစဉ်နေပေမဲ့ နေရပ်မပြန်ကြမယ့် သူတွေလည်း ရှိနေတယ်လို့ မန်တုံမြို့အုပ်ချုပ်ရေးမှူး နန်းအောင်က ပြောပါတယ်။

“အခုလာပြီး တိုက်ပွဲရှောင်နေတဲ့ လူက သူတို့ရွာကို သူတို့ပြန်ချင်တယ်ပေါ့။ သူတို့ပြန်ချင်တယ်။ အစိုးရထောက်ပံ့ကြေးရရ မရရသူတို့က ပြန်မှာ သူတို့လည်း ပြန်မယ်ပြောတဲ့အခါကျတော့ ရှမ်းပြည်နယ်အစိုးရကနေပြီးတော့ သူတို့အတွက်အကူအညီပေးမယ်။ မိသားစုတစ်ခုကို သူတို့လျာထားတာ သိန်း ၅၀ ပေးဖို့ လျာထားတယ်။ ဘာကြောင့်မပြန်တာလဲဆိုတော့ မပြန်တဲ့ လူတော်တော်များများ ကျနော်ကြည့်ရတာ သူတို့ ပညာရေးပိုင်းကို သူတို့စိတ်ဝင်စားတယ်။ သားသမီးတွေကလည်း ကြီးလာပြီလေ... ဆိုတော့ သူတို့က ဒီမှာနေမယ်၊ ကျပန်းအလုပ်ကို လုပ်မယ်။ ပြီးရင် ကိုယ့်ရဲ့သားသမီး ပညာရေးတောက်အောင် သူတု့ိလုပ်ပေးမယ်။ သူတို့အဲ့ဒီလို စိတ်ကူးရှိတယ်။ ကျနော်တို့အမြင်ကတော့ အဲ့ဒီလိုပဲ မြင်တယ်။”

မန်တုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြတ်သူကတော့ ဒုက္ခသည်တွေ လုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်အောင် စီစဉ်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ပြန်ဖို့အတွက် နေ့ရက်အတိအကျကိုတော့ မဆုံးဖြတ်ရသေးဘူးလို့လည်း ပြောပါတယ်။

“စီစဉ်နေတယ်၊ စီစဉ်နေဆဲပါ အားလုံးပေါင်း ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး အားလုံး ပြန်ပို့တယ်ဆိုတာနဲ့ အားလုံး အဆင်သင့်ဖြစ်အောင်အတွက် စီမံချက်ချပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်နော်။ ကိုယ်တို့ကတော့ နေရပ်ပြန်နိုင်ရေးကိုပဲ အားထည့်ပြီးဆောင်ရွက်နေတာပါနော်။ သူတို့ မန်တုံမှာဆိုရင် တိုက်ပွဲလည်းမရှိဘူးနော်... တခြားနေရာထက်စာရင် ဘာမှထိတွေ့မှုမရှိဘူး။ နေရပ်ပြန်နိုင်ရေးအတွက်ကိုပဲ သက်ဆိုင်ရာအစိုးရတရပ်အနေနဲ့ ဂုဏ်သိက္ခာရှိရှိပြန်နိုင်ဖို့အတွက်ကို ဆောင်ရွက်နေပါတယ်နော်။”

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိမ်းရှောင်ခဲ့ကြရတဲ့ ဒုက္ခသည် ၃၀၀ လောက်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ နေရပ်ရင်းကို ပြန်သွားခဲ့ကြပြီး ဒီနှစ်ဆန်းပိုင်းမှာလည်း နောက်ထပ် ၁,၅၀၀ လောက် နေရပ်ပြန်ဖို့ စီစဉ်ထားကြောင်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဒုက္ခသည်စခန်း ၂ ခုမှာ ခိုလှုံနေတဲ့ မိသားစု ၁၁၀ လောက်ကို ဒီနှစ်ဆန်းပိုင်းမှာ နေရပ်ပြန်နိုင်အောင် ပြည်နယ်အစိုးရက စီစဉ်နေတာလို့လည်း ပြီးခဲ့တဲ့လထဲ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG