သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ တားမြစ်မှုကြောင့် ရှမ်းမြောက် စစ်ဘေးရှောင်တွေဆီ အကူအညီမရောက်နိုင် 


မှတ်တမ်းဓါတ်ပုံ- ၂၀၁၉ သြဂုတ်လ ၂၅ ရက်တုန်းက ရှမ်းမြောက် စစ်ဘေးရှောင် ဒုက္ခသည်များ
မှတ်တမ်းဓါတ်ပုံ- ၂၀၁၉ သြဂုတ်လ ၂၅ ရက်တုန်းက ရှမ်းမြောက် စစ်ဘေးရှောင် ဒုက္ခသည်များ

(Zawgyi/Unicode)

ရှမ်းပြည် မြောက်ပိုင်းက စစ်ဘေးရှောင် ပြည်သူတွေဟာ ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြောင့် အရေးပေါ်အကူအညီ မရနိုင်ပဲဖြစ်နေပြီး ၊ အဲဒီဒေသမှာ ခုချိန်ထိ အိမ်မပြန်နိုင် ဖြစ်နေရတဲ့ စစ်ဘေးဒုက္ခသည် ထောင်ချီ ရှိနေတယ်လို့ ကုလသမဂ္ဂအပါအဝင် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

၂၀၂၀ ခုနှစ်ကုန်ပိုင်းနဲ့ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်း - အထူးသဖြင့် ကျောက်မဲနဲ့ နမ္မတူမြို့နယ်တဝိုက် RCSS ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ TNLA တအန်း(ပလောင်) တပ်ဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ဒေသခံတွေ စစ်နဲ့ဝေးရာကို ထွက်ပြေးတိမ်းရှောင်ရင်း အခုအချိန်ထိ နေရပ် မပြန်နိုင်သေးပဲ ဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို သွားရောက် အကူအညီပေးနေတဲ့ ကျောက်မဲမြို့ခံ မိုင်အာနွေးက VOA ကို ပြောပါတယ်။

“လောလောဆယ်တော့ သူတို့ကို နေရာချထားပေးတဲ့ ယာယီစခန်း ၅ ခုမှာ နေကြပါတယ်။ ကျောက်မဲ မြို့ထဲမှာပဲ။ လက်ရှိမှာ စစ်ရှောင် (၁၂၀၀)လောက် ကျန်နေသေးတယ်။ အခက်အခဲလည်း ဖြစ်နေကြတယ်။ ဒီတလောမှာ ရာသီဥတုလည်း အေးတော့ စောင်တွေလိုအပ်နေတယ်။ အေးတဲ့ရာသီဆိုတော့ မီးလှုံဖို့ ထင်းမီးသွေး မရှိတော့ အဆင်မပြေဘူး ဖြစ်နေတယ်။ သောက်ရေတို့ အစားအသောက် အနည်းအကျဉ်းတော့ မြို့ပေါ်က အလှူရှင်တချို့က သွားလှူကြတယ်။ အခုအချိန်က ကိုဗစ်ကာလလည်းဖြစ်တယ် အေးတဲ့အချိန်လည်း ဖြစ်နေတော့ အခြားမြို့က အလှူရှင်တွေ ဒီမြို့ကိုလာဖို့ အခက်အခဲ ဖြစ်နေကြတယ်။”

စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ကျောက်မဲမြို့က စာသင်းကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ စတဲ့ နေရာတွေမှာ ဖြစ်သလို ခိုလှုံနေရပြီး ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြောင့် သွားရေးလာရေး ခက်ခဲတဲ့အတွက် အရေးပေါ်အကူအညီရဖို့ ခက်ခဲနေတယ်လို့ ဝမ်ပေါင်နိမ်းထွဲ လူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့ တာဝန်ခံ ဒေါ်မေရီတွမ်က ပြောပါတယ်။

“ ဘယ်နေရာမှာမဆို အခုကာလက ကိုဗစ်ကြောင့် အသွားအလာ ကန့်သတ်ထားတော့ အကူအညီ ချက်ချင်း သွားပေးဖို့ဆိုတာက ခက်ခဲတဲ့အပိုင်းတွေ ရှိနေတယ်လေ ။ ဒီလို လူတထောင်ကျော်ကြီးကို ချက်ချင်း ကူညီဖို့ကျပြန်တော့ ကျမတို့အဖွဲ့မှာ ရန်ပုံငွေကလည်း အဆင်သင့်မရှိဘူး။ ဒါမျိုးကူညီဖို့က အနည်းဆုံး ၂ ရက်ကနေ ၃ ရက်လောက် အချိန်ယူပြင်ဆင်ပြီးလုပ်မှ ရောက်နိုင်မယ့် အနေအထားရှိတာလေ။ ပြီးရင် တိုက်ပွဲကလည်း မငြိမ်သေးဘူး။ ပြီးတော့ ရာသီဥတုကလည်း ရှမ်းမြောက်မှာ တော်တော်အေးတဲ့အချိန် ဖြစ်နေတယ်။ ဒါကြောင့် ဒီဒုက္ခသည်တွေကို ချက်ချင်းကူညီဖို့က လုံလောက်မှုမရှိတဲ့အတွက် ဒါကို နိုင်ငံတကာ အဖွဲ့အစည်းတွေကရော ဒီအစိုးရကပါ အကူအညီပေးဖို့ ချက်ချင်းလုပ်ပေးဖို့ လိုပါတယ်။”

ဒီလို အခက်အခဲတွေကြားမှာ ယာယီဒုက္ခသည် စခန်းထဲ စုပြုံနေရတဲ့ အခြေအနေကြောင့် ဒုက္ခသည်တွေကြား ကိုဗစ်ကူးစက်မှာကိုလည်း စိုးရိမ်နေရတယ်လို့ မိုင်အာနွေးက ပြောပါတယ်။

“စိုးရိမ်ရတယ် ။ စိုးရိမ်တယ်ဆိုတာ သူတို့က တောင်ပေါ်ကလူတွေဆိုတော့ အခြားမြို့ကပြန်လာတဲ့ လူတွေဆီမှာ ကိုဗစ်ရှိ၏ မရှိ၏ဆိုတာ အတိအကျ မသိနိုင်ဘူးလေ။ အဲဒါကြောင့် စိုးရိမ်မိတာ။ သူတို့ကို နှာခေါင်းစည်းပေးတာတောင်မှ ဒီနှာခေါင်းစည်းကို ကောင်းကောင်းလည်း မတပ်ကြဘူး။ ခုက ကိုဗစ်ကာလဆိုတော့ ကိုဗစ်ကူးစက်ခံရမှာကို စိုးရိမ်တယ်လေ လူအများနဲ့ဆိုတော့။”

ဒါကြောင့် ပြည်သူတွေရဲ့ဒုက္ခကို စာနာပြီး တိုက်ပွဲတွေကို အဆုံးသတ်ကြဖို့ လက်နက်ကိုင်အဖွဲ့တွေကို ဝမ်ပေါင်နိမ်းထွဲ အဖွဲ့က တောင်းဆိုကြောင်း ဒေါ်မေရီတွမ်က တိုက်တွန်းပါတယ်။

“အခုက ကိုဗစ်ကိုကြောက်နေရချိန်မှာ ဒီလို စစ်ကြောင့် ထွက်ပြေးရတာဆိုတော့ အဲဒီလူတွေမှာ စိတ်ဖိစီးမှု နှစ်ဆနဲ့ ပိုပင်ပန်းရတာပေါ့ ။ ဒီလိုအချိန်မှာ ဒါက မဖြစ်သင့်တဲ့အရာပဲပေါ့။ အဲဒီတော့ ဒီလိုကပ်ဘေးကာလမှာ တပ်မတော်ကရော လက်နက်ကိုင်တွေကပါ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမှာလေ။ အဖက်ဖက်က အရမ်းကြပ်တည်းတဲ့ ကာလမှာ ဒီလိုမျိုး ပြန်ပြီး ထွက်ပြေးတိမ်းရှောင်ရအောင် လုပ်တယ်ဆိုတော့ ဒါက တော်တော် လူသားမဆန်တဲ့ ကိစ္စရပ်ပဲလို့ ကျမအဲလို ခံစားရပါတယ်။”

နမ္မတူမြို့နဲ့ တဝိုက်မှာတော့ တလောက တိုက်ပွဲတွေကြောင့် ယာယီ စစ်ရှောင်လာသူထဲက အများစု ခုတော့ အိမ်ပြန်ကုန်ကြပြီလို့ ဒေသခံတဦးက VOA ကိုပြောပါတယ်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီ(၁၃)ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ကြား တိုက်ပွဲတွေကြောင့် ၂၀၂၀ ခုနှစ် အကုန်ထိ ရှမ်းမြောက်ပိုင်းမှာ ယာယီစစ်ရှောင်ဒုက္ခသည် (၈၆၀၀) ရှိပြီး အောက်တိုဘာနဲ့ ဒီဇင်ဘာလကြား ပိုတိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခု ပထမ အပတ်ထဲမှာတင် ယာယီ စစ်ဘေးရှောင်ရသူ နောက်ထပ် (၂၅၀၀) တိုးလာတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ၂၀၂၀ ခုနှစ်အတွင်း ရှမ်းမြောက်ပိုင်းမှာ စစ်ရှောင်ဒုက္ခသည် ဦးရေ ကျဆင်းလာတယ်လို့ UNOCHA ရဲ့ စာရင်းက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)













XS
SM
MD
LG