သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်အရှေ့ပိုင်းကျေးရွာတွေမှာ COVID-19 အယူလွဲတွေ ရှိနေ


ရှမ်းပြည်နယ် မူဆယ်မြို့တွင် အပူချိန်တိုင်းတာပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတဦး (သတင်းဓာတ်ပုံ - ဇန်နဝါရီ ၃၁၊ ၂၀၂၀)
ရှမ်းပြည်နယ် မူဆယ်မြို့တွင် အပူချိန်တိုင်းတာပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတဦး (သတင်းဓာတ်ပုံ - ဇန်နဝါရီ ၃၁၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ကျေးလက်ဒေသအချို့မှာ ကျန်းမာရေးအသိအားနည်းပြီး လွဲမှားတဲ့အယူအဆတွေဖြစ်နေပါတယ်။ ဒီအဖြစ်အပျက်တွေထဲက ရှမ်းပြည်အရှေ့ပိုင်း ရွာအချို့က အခြေအနေကို ပြောပြပါမယ်။

COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ သတင်းစကားတွေကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်က ကျေးရွာတချို့မှာ ရောဂါမကူးစက်အောင်ဆိုပြီး ကလေးလူကြီးမကျန် ဘိန်းရှုနေပါတယ်။ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကတော့ COVID-19 ကျန်းမာရေးစစ်ဆေးတာ၊ အသိပညာပေးတာတွေကို ကျေးရွာအုပ်ချုပ်ရေးမှုးတွေကနေ တဆင့် ဆောင်ရွက်နေပြီး ဒီလို လွဲမှားတဲ့အဖြစ်တွေ ရှိရင် စုံစမ်းစစ်ဆေးပြီး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့တော့ ပြောပါတယ်။

☞တီးတိန်က COVID-19 လူနာနှင့် ထိတွေ့ခဲ့သူတွေကို ၁၄ရက် ခွဲထားနိုင်ဖို့ အာဏာပိုင်တွေ စီစဉ်နေတဲ့ သတင်းလည်းဖတ်နိုင်ပါပြီ။

COVID-19 ရောဂါကာကွယ်နိုင်တယ်ဆိုပြီး မိုင်းဆက်မြို့နယ်က ကျေးရွာအချို့မှာ လူကြီး လူငယ်အားလုံး ဘိန်းရှုတာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မရှုနိုင်တဲ့ ကလေးကျနော့ အဲဒီပါးစပ်ထဲက ထွက်လာတဲ့ အငွေ့ကို ရှုမိအောင်လုပ်ပေးတာပေါ့။ အဲဒါနဲ့ ကျနော်က ပြောတာ ကလေး ဘိန်းစွဲသွားရင် ဘယ်လို လုပ်မလဲဆိုတော့ ဘိန်းစွဲတာ ပြဿနာမရှိဘူး။ အရေးမကြီးဘူး၊ မသေနိုင်ဘူးတဲ့ ရောဂါ ကပ်ရောဂါစွဲလာရင် သေမှာတဲ့။”

မိုင်းဆတ်မြို့နယ် ရေပူစမ်းကျေးရွာအနီးအနားက ကျေးရွာတွေမှာ တချို့တွေက ကြက်ဥပြုတ်စားရင်၊ ကျောက်ဖရုံသီးခွဲထားရင် ရောဂါ မကူးဘူးဆိုပြီး ယူဆတာတွေလည်း ရှိနေပါတယ်။

မိုင်းဆက်မြို့နယ် ဒု ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းကတော့ COVID-19 ကာကွယ်ရေးအတွက် ပညာပေးမှုတွေကို သူတို့အနေနဲ့ တတ်နိုင်သလောက်ဆောင်ရွက်ပေးနေပါတယ်လို့ ပြောပါတယ်။ လူစုလူဝေးမလုပ်ကြဖို့နဲ့ တိုက်တွန်းနေသလို၊ မြို့ဝင်မြို့ထွက်တွေမှာ စောင့်ကြည့်တာ၊ အရပ်ဝေးက ပြန်လာသူတွေရှိရင် သတင်းပို့ဖို့ နှိုးဆော်တာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။ ဘိန်းရှုတာလို လွဲမှားတဲ့ဆောင်ရွက်မှုတွေကိုတော့ စုံစမ်းအရေးယူသွားမယ်လို့ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

“မြို့နယ်အုပ်ချုပ်ရေးမှူးကတဆင့် စုံစမ်းစစ်ဆေးပြီးတော့ ဟုတ်တယ်ဆိုရင်တော့ စိစစ်တားမြစ်ရမှာပေါ့ဗျာ။”

လောလောဆယ် ထိုင်းနိုင်ငံက ပြန်လာသူတွေကို တာချီလိတ်အဝင်က လက်ခံနေသလို မိုင်းဆတ်မြို့ကို ပြန်လာသူတွေကိုလည်း သေချာစိစစ်လက်ခံနေပါတယ်။

COVID-19 ကူးစက်မှု ပြသနာကို ကျန်းမာရေးအရ စီမံချက်ချ ကာကွယ်ကုသဖို့ဖြစ်တယ်ဆိုပေမဲ့ ဘာသာရေးအရယုံကြည်မှုတွေနဲ့အသံချက်ကြီးတွေကျယ်ကျယ်လောင်ဖွင့်ဆုတောင်းရွတ်ဖက်နေကြတာတွေကို နယ်တွေတင်မက မြို့ကြီးတွေမှာပါ နေရာအနှံ့ကြားနေရတယ်။ မြို့လယ်ရပ်ကွက်တွေမှာ ကားတွေနဲ့ လှည့်ပြီး ပရိတ်ရွတ်တာတွေ ပရိတ်ရည်ဖြန်း ပရိတ်ကြိုးဝေတာတွေ လုပ်နေတာတွေလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီလ ၂၃ ရက်နေ့က COVID-19 ရောဂါပိုးရှိသူ နှစ်ဦးတွေ့ရှိခဲ့ပြီး ၂၄ ရက်နေ့မှာ နောက်ထပ် တဦး ထပ်မံတွေရှိကြောင်းနဲ့ စောင့်ကြည့်လူနာ ၂၃၈ ဦး၊ ဓါတ်ခွဲအတည်ပြုစောင့်ဆိုင်းသူ ၂၆ ဦး ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG