သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Shangri-La Dialogue မှာ မြန်မာ့အရေးဆွေးနွေး


Shangri-La ညီလာခံပြုလုပ်နေတဲ့ စင်ကာပူနိုင်ငံ Shangri-La ဟိုတယ်ရှေ့ (မေ ၃၁၊ ၂၀၂၄)
Shangri-La ညီလာခံပြုလုပ်နေတဲ့ စင်ကာပူနိုင်ငံ Shangri-La ဟိုတယ်ရှေ့ (မေ ၃၁၊ ၂၀၂၄)

မြန်မာနိုင်ငံအရေးကို သံခင်း တမန်ခင်းနည်းနဲ့ ချိတ်ဆက်လုပ်ဖို့ လိုအပ်ကြောင်း စင်္ကာပူမှာလုပ်တဲ့ Shangri-La ညီလာခံမှာ အလေးထား ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံစုံက ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေတက်ရောက်တဲ့ Shangri-La Dialogue ခေါ် အာရှပစိဖိတ်ဒေသတွင်း လုံခြုံရေးညီလာခံ ပထမနေ့မှာ “မြန်မာငြိမ်းချမ်းရေး အမြင်မတူမှုကြားက သံတမန်အခွင့်အလမ်း” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာပါ။

မြန်မာ့အရေး နိုင်ငံတကာက ဘယ်လို ချဉ်းကပ်သင့်သလဲဆိုတာကို ဆွေးနွေးကြတာမှာ အင်ဒိုနီးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌတာဝန်ယူခဲ့တုန်းကလို မြန်မာအရေးမှာ အဓိကကျတဲ့ အဖွဲ့တွေအားလုံးနဲ့ ချိတ်ဆက်ဆွေးနွေးပြီး၊ နိုင်ငံတကာကလည်း အလိုက်သင့် ချိတ်ဆက် တစိုက်မတ်မတ် ပြောဆိုလုပ်ကိုင်ဖို့လိုအပ်တယ်လို့ မြန်မာဆိုင်ရာ အင်ဒိုနီးရှား အထူးကိုယ်စားလှယ်ရုံး အကြီးအကဲ Ngurah Swajaya က ပြောကြားခဲ့ပါတယ်။ Jakarta မှာ ၂၀၂၃ နိုဝင်ဘာလက လုပ်ခဲ့တဲ့ အလွတ်သဘော Proximity Talk ဆွေးနွေးမှာ ငြိမ်းချမ်းရေးသဘောထားအမျိုးမျိုးရှိကြတဲ့ အဖွဲ့တွေကို အင်ဒိုနီးရှားက ချိတ်ဆက်ပေးနိုင်ခဲ့တယ်လို့ ဥပမာ ပေးပြောခဲ့ပါတယ်။

အဲဒီတုန်းက ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ K3C ခေါ် ကရင်၊ ကရင်နီ၊ ကချင် ချင်းအဖွဲ့တွေနဲ့ PPST ခေါ် NCA အပစ်ရပ်လက်မှတ်ထိုးအဖွဲ့တွေကို ချိတ်ဆက်ပေးခဲ့တာကို သူက ဥပမာပေး ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံ ကြားဝင်ကူညီမှု မပါဘဲ အာဆီယံအနေနဲ့ မြန်မာ့အရေး အလုပ်မဖြစ်နိုင်သလို၊ တရုတ်ကိုလည်း ချိတ်ဆက်ပြီး ကြိုးစားနေတာမှာ၊ လူသားချင်းစာနာမှု အကူအညီပေးတာကနေစပြီး ခေတ္တအပစ်ရပ်တာအထိ မျှော်လင့်ထားတယ်လို့ Ngurah က ဆက်ပြောပါတယ်။

ဒါပေမဲ့ မြန်မာဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် Igor Driesmans ကတော့ လူသားစာနာအကူအညီတစ်ခုတည်းနဲ့မရဘဲ၊ စစ်ကောင်စီဘက်က နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတာနဲ့ ဒေသတချို့မှာ စတင် စစ်ရေးအရှိန်လျှော့တာ၊ အပစ်အခတ်ရပ်ဆိုင်းတာမျိုးတွေလုပ်ပြီး နိုင်ငံရေးဆန္ဒရှိမှု ပြသဖို့ လိုအပ်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဌာန အင်ဒို ပိစိဖိတ်ဒေသဆိုင်ရာ သံအမတ်ကြီး Anne-Marie Trevelyan ကလည်း တရုတ်ရဲ့ မြန်မာအရေး အရေးပါမှုအပါအဝင်၊ မတူညီတဲ့ ချဉ်းကပ်မှုတွေကို ပေါင်းစပ်လုပ်ကိုင်ပြီး လမ်းစဖွင့်နိုင်ဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုလည်း ဝိုင်းကူသင့်တယ်လို့ ပြောခဲ့ပါတယ်။

Shangri-La Dialogue မှာ မြန်မာ့အရေးဆွေးနွေး
please wait

No media source currently available

0:00 0:01:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG