သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလင်းထက်မြန်အောင် သွားနိုင်ပြီလား


အလင်းထက်မြန်အောင် သွားနိုင်ပြီလား
အလင်းထက်မြန်အောင် သွားနိုင်ပြီလား

အလင်းရဲ့ အလျင်ထက်မြန်တဲ့ အမှုန်ကို တိုင်းတာလို့ ရတယ် ဆိုတဲ့ကြေငြာချက်ဟာ ၂၀၁၁ခုနှစ် နှစ်ကုန်ခါနီးမှာ ထွက်လာတာမို့ နှစ်ပေါင်း တရာကျော် သိပ္ပံဆိုင်ရာ တီထွင်မှုတွေအတွက် အခြေခံထားရတဲ့ ပညာရှင် အိုင်စတိုင်းရဲ့ အလင်းထက် ဘယ်အရာမှ ပိုမြန်အောင် မသွားနိုင်ဘူးဆိုတဲ့ အယူအဆ မှားများနေပြီလားလို့ မေးခွန်းတွေ ထုတ်လာကြသလို ခေါင်းတွေပါ ရှုပ်ကုန်ကြတာကို ပြောပြမှာပါ။

စင်္ကြာဝဠာကြီးကို အခြေခံ အမှုန်တွေနဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ အသေးဆုံး အမှုန်တခုက Nutreno နျူထရီနိုပါ။ သူ့ကိုတွေ့ခဲ့တာ ကြာပါပြီ။ အလွန်သေးငယ်တဲ့ ဒြဗ်မှုန် အီလက်ထရွန်နဲ့ ဆင်ဆင်တူပေမယ့် သူ့မှာ electrical charge လို့ခေါ်တဲ့ လျှပ်စစ်ဓါတ်တော့ မရှိပါဘူး။ ဒါ့ကြောင့် အဖိုဓါတ် အမဓါတ်မရှိတဲ့ အရာသေးသေးလေး little neutral one ကို nutreno လို့ အီတလီဘာသာနဲ့ ခေါ်တာပါ။

Switzerland နိုင်ငံ Geneva မှာရှိတဲ့ CERN လို့ခေါ်တဲ့ သုတေသနဌာနက ထုတ်ပေးလိုက်တဲ့ ဒီအမှုန်သေးသေး လေးတွေ ဘယ်လောက်မြန်မြန် သွားနိုင်တယ် ဆိုတာကို မိုင်၄၀၀ ကျော် အကွာမှာရှိတဲ့ အီတလီနိုင်ငံက Gran Sasso မြေအောက် ဓါတ်ခွဲခန်းကနေ တိုင်းတာခဲ့ကြပါတယ်။

ဒီဓါတ်ခွဲခန်းတွေက သိပ္ပံပညာရှင်တွေကို ခေါင်းရှုပ်သွားစေတဲ့ တွေ့ရှိချက် ကတော့ အလင်းရဲ့ အလျင်ထက် မြန်အောင်ပြေးတဲ့ အမှုန်ကို တိုင်းလို့ ရတယ် ဆိုတာပါလို့ ရူပဗေဒ ပညာရှင် ဒေါက်တာ ဦးတင်မောင်အေးက ပြောပါတယ်

"အလင်းအလျင်ထက် မြန်တဲ့ အမှုန်ဆိုတာ နျူထရီးနိုးလို့ခေါ်တဲ့ အမှုန်အသေးလေးပေါ့လေ။ တိုင်းတာလို့ ရတယ်လို့ အီတလီသုတေသန ဌာနတခုကကြေငြာတယ်။ CERN ဆိုတဲ့ ဥရောပ သုတေသနဌာန စက်ကနေ ထုတ်ပေးလိုက်တာက အမှုန်တွေ တခုနဲ့တခုတိုက်ခိုင်းပြီး ထွက်လာတဲ့ အမှုန်တွေလေ၊ အဲဒီထဲမှာ အသေးဆုံးအမှုန်ကလေး တွေရှိတယ်။ အသေးဆုံးဆိုတာက အီလက်ထရွန်လောက်ကို ရှိတယ်။ အဲဒီအသေးဆုံးအမှုန်ကို Nutreno လို့ခေါ်တယ်

အဲဒီ Nutreno က ဘယ်လောက်သေးသလဲဆိုတော့ အဲဒီအမှုန် ကမ္ဘာထုကြီးကို ဖြတ်သွားရင်တောင် တခါတလေပဲ သူက ဘေးမှာရှိတဲ့ အက်တမ်တွေနဲ့ တိုက်တယ်။ အဲဒီလောက်ကို သေးငယ်တယ်။ တကယ်လို့ ထောင်နဲ့သောင်းနဲ့ချီရင်တော့ တိုင်းတာလို့ ရလောက်တဲ့ တိုက်ခတ်တဲ့ အရေအတွက်တော့ ရှိတာပေါ့လေ။

CERN ကပို့လွှတ်လိုက်တဲ့ nutreno အမှုန်တွေကို အီတလီကနေ တိုင်းတယ်။ မြေကြီးအောက်ကနေ ဖြတ်ပြီးတော့။ Gran Sesso လို့ခေါ်တဲ့ အီတလီသုတေသန ဌာနက အလင်းအလျင်ထက်ကို မြန်တယ်ဆိုတဲ့ အမှုန်ကို တွေ့တယ်ဆိုတာ ကြေငြာတယ်"

စင်္ကြာဝဠာကြီးထဲက ရှိရှိသမျှ အရာဝတ္ထုတွေ ဘယ်လို လှုပ်ရှား ရှင်သန်နေတယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း တရာကျော်က သိပ္ပံပညာရှင်ကြီး Albert Einstein ရဲ့ ထင်ရှားလှတဲ့ စွမ်းအင်နဲ့ ဒြဗ်တို့ရဲ့ ဆက်သွယ်မှု သဘောတရားပေါ် အခြေခံပြီး နားလည်အောင် ကျိုးစားခဲ့ကြတာပါ။ အလင်းအလျင်ဟာ ပုံသေရှိနေပါတယ်။ တစက္ကန့်ကို မိုင်ပေါင်း တသိန်းရှစ်သောင်း ခြောက်ထောင်ကျော်ပြေးနိုင်ပါတယ်။ အလင်းရဲ့ အလျင်ထက် မြန်အောင် ဘယ်အရာမှ မသွားနိုင်ဘူးလို့ သူကဆိုပါတယ်။ ဒါ့ကြောင့် အခုတွေ့ရှိချက်မှာ တစုံတရာများ မှားယွင်းနေတာပါလား

"အကယ်၍သာ အလင်းအလျင်ထက်ကို မြန်အောင် သူက မသွားဘူးဆိုရင် ဒီထက် နှေးပြီး သွားရမယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖြတ်လာတဲ့ မြေကြီးမှာရှိတဲ့ အက်တမ်တို့ ဘာတို့လို ဒြဗ်ပစ္စည်းတွေနဲ့ သူက တိုက်ခိုက်မှုရှိမယ်။ ဒါဆိုအနဲဆုံး ဒါ့ထက်လျှော့သွားရမယ်။ ဒါပေမယ့် သူတို့တွေ့တာက လျော့မသွားဘူး။ သူ့ရဲ့ အလျင်က အလင်းအလျင်လောက်ကို သူကရောက်နေတယ် ဆိုတာကို သူတို့က တိုင်းတာလို့ ရတယ်။

အဲဒီသဘောက ဘာလဲဆိုတော့ အကယ်၍သာ စစချင်းသူထွက်လာတဲ့ အလျင်က အလင်းအလျင်ထက်ကို မြန်ရမယ် ဆိုပြီးတော့ မှန်းဆလို့ ရတယ်။ အဲဒီတော့မှ အခုတိုင်းလို့ ရတာဟာ အလင်းအလျင်လောက်ကို မြန်တယ်ပေါ့။ ဆိုတော့ အဲဒီသဘောကို ကြေငြာတာ"

ကြယ်တို့ နေတို့ကနေ ထွက်လာတဲ့ nutreno တွေကို ကမ္ဘာကနေ တိုင်းတာခဲ့သမျှ အလင်းအလျင်ထက် မြန်တာ မတွေ့ခဲ့ရသေးပါဘူး။ အခု ဒီတွေ့ရှိချက်ဟာ သိပ္ပံပညာရှင်တွေ အခြေခံထားတဲ့ အိုင်းစတိုင်းရဲ့ သီအိုရီ ယူဆချက်ကို စိန်ခေါ်သလို ဖြစ်နေတာပါ

"ဒီဟာက အဓိကကျနေတယ်။ ဘာလို့လဲဆိုတော့ အိုင်းစတိုင်းရဲ့ relativity သီအိုရီကို အခြေခံထားတဲ့ အလင်း အလျင်ထက်ကို ဘယ်အရာမှ ပိုပြီးမြန်အောင် မသွားနိုင်ဘူးဆိုတဲ့ အခြေခံသဘောကို မမှန်ဘူးလို့ ပြောတဲ့ သဘောဖြစ်နေတယ်။ ဆိုတော့ အိုင်းစတိုင်းရဲ့ စပယ်ရှယ် သီအိုရီက အယူအဆက မှန်နိုင်ဘူး ဆိုတဲ့သဘောဖြစ်သွားတယ်။

ဒီလိုမမှန်နိုင်ဘူးဆိုရင် တောက်လျောက် အိုင်းစတိုင်းရဲ့ သီအိုရီ မှန်ကန်ချက်တွေ ကလည်း အကုန်လုံး အမှားတွေဖြစ်ကုန်မှာပေါ့။ ဒီအိုင်းစတိုင်းရဲ့ သီအိုရီပေါ်မူတည်ပြီး တွေ့ရှိထားတာတွေက နဲတာမဟုတ်ဖူး"

ဟုတ်ပါတယ်။ လပေါ်လူသွားနိုင်တာ။ အာကာသယာဉ်တွေ ဂြိုဟ်တုတွေကို ပစ်လွှတ်တာ။ ကြယ်တွေ တိုင်းထွာတာမျိုး သိပ္ပံဆိုင်ရာ တိုးတက်မှုတွေ အတွက် သူ့ရဲ့ သီအိုရီဟာ သိပ်ကို အရေးပါနေတာပါ။

"တခုက ဒီ Satellite ဂြိုဟ်တုနဲ့ အများသုံးနေတဲ့ GPS ဟာ အိုင်းစတိုင်း သီအိုရီရဲ့ စပယ်ရှယ် သီအိုရီကို သုံးပြီး တော့ ဒီဟာတွေကို တိုင်းပြီး တခုနဲ့ တခု clock တွေကို ချိန်ရတယ်။ အဲဒီ သီအိုရီကိုသာ မသုံးခဲ့လို့ ရှိရင် အဲဒီ GPS ကလည်း အလုပ်လုပ်မှာ မဟုတ်ဖူး။

အဲဒီလို evidence သက်သေပြချက်တွေက အခြေခံကျတဲ့ အိုင်းစတိုင်းရဲ့ သီအိုရီဟာ မှန်တယ်ဆိုတာ သုံးထားတာပေါ့။ အထောက်အထားတွေက အများကြီးပါ။ အဲဒါအပြင် အမှုန်တွေက အလင်းအလျင် နီးပါးလောက်ကို စက်တွေထဲမှာ သွားနေတဲ့ အခါ သူတို့ရဲ့ သက်တမ်းတွေဟာ ရှည်သွားတ ယ်။ ဆိုတော့ အဲဒါလည်း အိုင်းစတိုင်းရဲ့ ရယ်လေတစ်ဗတီ သီအိုရီမှန်တယ် ဆိုတာကို ပြောတာပဲ။

ဆိုတော့ အဲဒီ အထောက်အထားတွေ အကုန်လုံးကို မှားဖို့ ဆိုတာ မဖြစ်နိုင်တော့။ ဒီ စမ်းသပ်ချက်ဟာ တနေရာရာမှာ ချွတ်ချော်နေတယ် error ရှိတယ်ဆိုတာကိုပြနေတာ လို့ယူဆတယ်"

၂၀၁၁ခုနှစ်အတွက် အထူးခြားဆုံး သိပ္ပံဆိုင်ရာ တွေ့ရှိချက်တွေ အတွက် Discovery မဂ္ဂဇင်းကတော့ ဒီတွေ့ရှိချက်ကို ထိပ်တန်းတွေ့ရှိချက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

"ဒါပေမယ့် ဒီတွေ့ရှိချက်က မှန်အုံးမှကိုး။ စမ်းသပ်ချက်တခုကို တယောက်ထဲ တဦးထဲက လုပ်ပြီး တွေ့ပါတယ်လို့ ထုတ်ဖေါ်ပြောဆိုခဲ့ရင် ဒီတွေ့ရှိချက် မှန်မမှန် ဘယ်သူမှ မပြောနိုင်ဘူး။ သူစမ်းသပ်တဲ့ ပစ္စည်းမှာ အပစ်တစုံတရာ ဘာဖြစ်နေခဲ့တယ်ဆိုတာ ဘယ်သူမှ မသိနိုင် တဲ့အတွက် သီးခြား အဖွဲ့တခုက သိပ္ပံပညာရှင်တွေက သီးခြားနေရာကနေ သပ်သပ်ကို တိုင်းယူကြည့်ဖို့လိုပါတယ်။

အဲဒီလိုလုပ်ကြည့်ပြီးမှ တွေရင်တော့ မှန်တယ်လို့ ပြောနိုင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါဟာ သိပ်ကို အရေးကြီးလို့ပါ။ ဒါပေမယ့် တကယ်လို့ မှားတယ်ဆိုရင်တော့ ဒါဟာအလကားပါပဲ"

ငွေကြေးအမြောက်အများ အကုန်အကျခံပြီး စမ်းသပ်မှုတွေ လုပ်ခဲ့ကြပေမယ့် အမှားအယွင်းတွေလည်း ရှိနိုင်တာမို့ အလားတူ စမ်းသပ်မှုတွေ ထပ်ပြီး လုပ်ဖို့ လိုပါတယ်။

"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က cold fusion လုပ်လို့ ရတယ်ဆိုတာ ပြောလို့ နံမယ်က ကြီးသွားတာပဲ။ ရိုးရိုးစွမ်းအင် ထဲမှာ fusion energy လို့ခေါ်တဲ့ ပေါင်းပြီးကျိုစပ်နိုင်တဲ့ စွမ်းအင် ထုတ်လို့ရတယ် လို့ သူတို့ကပြောတာ။ ဓါတုဗေဒ ပညာရှင်တွေ ပြောတာပဲ။ ဒါပေမယ့် အဲဒါက အမှားကြီး ဖြစ်နေတယ်။ fusion က အမှန်မှာ အရမ်းပူမှ ထွက်တာကိုး။ cold fusion ဆိုတာ energy စွမ်အင်မသုံးပဲ fusion ဖြစ်စေတာ ကိုပြောတာ။ အဲဒါက မဖြစ်နိုင်ဘူး။

ဒါမျိုးပဲ။ အခုဟာက စိတ်လှုပ်ရှားစရာတော့ ကောင်းတယ်။ ဒါပေမယ့် သူတို့တိုင်းတာတွေကို တော့ သူတို့က စစ်စစ်ပေါက်ပေါက် သေချာလုပ်တယ်လို့ ပြောတာပဲ။ ဒါပေမယ့် ဒါမျိုးသိပ်ကို တိကျဖို့ လိုအပ်တဲ့နေရာမှာ နဲနဲလေး တခုခု ချို့ယွင်းသွားရင်၊ ဥပမာ သူတို့ သုံးတဲ့ အီလက်ထရောနစ် စက်ပစ္စည်း ဖြစ်စေ၊ သူတို့သုံးတဲ့ ပစ္စည်းတခုခု ဖြစ်စေ၊ တခြား သူနဲ့ မသက်ဆိုင် ပေမယ့် ဆက်နွယ်နေတဲ့ဟာကလည်း အမှားအယွင်းတခုခု ပေါ်လာနိုင်တယ်။ အဲဒါတွေက တိုင်းတာတဲ့ နေရာမှာ အမှားတွေကို ပေးနိုင်တာပဲ။ ဒါ့ကြောင့် သူတို့ သီးခြား စမ်းသပ်မှုတွေ လုပ်ပြီးမှပဲ ဒါကို အသစ်အဆန်းလို့ ခေါ်နိုင်မှာပါ"

ရူပဗေဒ ပညာရှင် ဒေါက်တာ ဦးတင်မောင်အေးပါ။

XS
SM
MD
LG