သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တော်လှန်သင်္ကြန် အကျနေ့ သွေးမတိတ် ဆေးသပိတ် ဆင်နွှဲ


အပျော်သင်္ကြန်မဟုတ် တော်လှန်သင်္ကြန် လို့ ရန်ကုန်လူငယ်များပြသကြ (ဧပြီ ၁၃၊၂ဝ၂၁) ဓါတ်ပုံ။ AFP/ Anonymous Facebook
အပျော်သင်္ကြန်မဟုတ် တော်လှန်သင်္ကြန် လို့ ရန်ကုန်လူငယ်များပြသကြ (ဧပြီ ၁၃၊၂ဝ၂၁) ဓါတ်ပုံ။ AFP/ Anonymous Facebook

{{Zawgyi/Unicode}}

ဒီနေ့ဟာ သင်္ကြန်အကျနေ့ဖြစ်ပေမယ့် သင်္ကြန်အငွေ့အသက်တွေ ပျောက်ကင်းနေပြီး ထူးခြားငြိမ်သက်တဲ့ သင်္ကြန်ဒုတိယနေ့ ဖြစ်နေပါတယ်။ ပုံမှန် ရေကစားမဏ္ဍပ်တွေ၊ သင်္ကြန်ပွဲတော် အခမ်းအနားတွေလည်း ဘာမှမရှိပါဘူး။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြလူထုဟာ သွေးမတိတ်သပိတ်ကို ဆင်နွှဲနေကြပြီး အာဏာရှင်ကို တော်လှန်နေကြတာပါ။ ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က ပြောပြထားပါတယ်။

အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဆန္ဒပြနေကြတဲ့လူထုဟာ ဒီနှစ်သင်္ကြန်ကာလကို ပျော်စရာသင်္ကြန်မဟုတ်တဲ့ တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲနေကြပါတယ်။

မနေ့က သင်္ကြန်အကြိုနေ့တုန်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဆေးအနီရောင်သုတ်ထားတဲ့ အတာအိုးမှာ ပန်းထိုးပြီး အတာအိုးသပိတ် ပြုလုပ်ခဲ့တာပါ။ ဒီကနေ့ သင်္ကြန်အကျနေ့မှာတော့ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုကြောင့် ကျဆုံးခဲ့ကြသူတွေကို အောက်မေ့တသတဲ့ အနေနဲ့ အနီရောင်ဆေးတွေကို ပက်ဖြန်းပြီး သွေးမတိတ်သပိတ်အဖြစ် တော်လှန်သင်္ကြန်ကို ဆင်နွှဲခဲ့ကြပါတယ်။

မနေ့က ပေါက်ကွဲမှုဖြစ်စဉ်တချို့ရှိခဲ့တဲ့ ရန်ကုန်မြို့မှာတော့ ဒီကနေ့ လမ်းပေါ်ထွက်လာတဲ့ ယာဉ်တွေကို တားဆီးပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်နေပါတယ်။ ဒီလို သွားလာနေတဲ့ယာဉ်တွေကို စစ်ဆေးတာနဲ့ မနက်ပိုင်းကတည်းက နေရာအနှံ့မှာ လက်နက်ကိုင်အင်အားပြ သွားလာနေကြလို့ ရန်ကုန်မှာလည်း သွေးမတိတ်ဆေးသပိတ်ဆန္ဒပြမှုတွေရှိပေမဲ့ ဒီနေ့ကတော့ အသံတိတ်သပိတ်ဖြစ်နေတယ်လို့ အင်ဂျင်နီယာသပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက VOA ကိုပြောပါတယ်။

“သပိတ်တွေကတော့ လုပ်တော့လုပ်နေကြတယ်ပေါ့။ ဒါပေမယ့် မနေ့က အတာအိုးသပိတ်ကတော့ နည်းနည်း ပိုများတယ်ပေါ့။ ဒီနေ့ကတော့ Silent သဘောမျိုးလုပ်ကြတယ်။ ဒီနေ့ ကျနော်သိသလောက်တော့ သွေးမတိတ် ဆေးသပိတ်ကို သူတို့ သီးသီးခြားခြားပြန်လုပ်ကြတယ်လို့တော့ ကြားတယ်။ ဒီနေ့က ပိုဆိုးတာက တော်တော်ကြီးလိုက်စစ်နေတယ်ဗျ။ ကျနော် အပြင်တောင် သိပ်မထွက်ရဲဘူး။ ထွက်တာနဲ့ အဲ့ဒီမှာ ရှေ့မှာ မြင်နေရတယ်။ ဆိုင်ကယ်တွေ စက်ဘီးတွေကအစ အကုန်စစ်တာ။ နောက်တစ်ခုက ရှင်းရှင်းပြောရရင် ကျနော်တို့မှာက Plan လေးတစ်ခုရှိနေလို့လေ။ ဒီဖက်မှာ Demonstration ပိုင်းကလည်း သူတို့ လုပ်စရာရှိတာ လုပ်နေသလို တဖက်မှာလည်း ကျွန်တော်တို့က Revolution က စတော့မှာကိုး နီးလာပြီလေ။ အဲ့ဒါကြောင့် နည်းနည်း ပြင်ဆင်ရမယ့် အပိုင်းလေးတွေလည်း ရှိနေတာကြောင့်လည်း ပါတာပေါ့။”

ဆန္ဒပြလူထုအားကောင်းတဲ့ ပင်မသပိတ်တွေချီတက်မြဲ မန္တလေးနဲ့ မုံရွာမြို့တို့အပြင် နေပြည်တော်ကောင်စီမှာလည်း ဆေးသပိတ်နဲ့အတူ လူထုချီတက်သပိတ်တို့ကို သင်္ကြန်အကျနေ့မှာ တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း ဒီကနေ့ သင်္ကြန်အကျနေ့မှာ တော်လှန်သင်္ကြန်အဖြစ်နဲ့ သွေးမတိတ် ဆေးသပိတ်ကို ဆင်နွဲခဲ့ကြပါတယ်။ မြို့အဝင်ဆိုင်းဘုတ်တွေနဲ့ လမ်းမတွေမှာ ဆေးနီတွေပက်ပြီး သပိတ်ကို ဆင်နွှဲခဲ့ကြတာပါ။ ဒီကနေ့ သပိတ်မှာ အင်အား ၁၀၀ ကျော်ပါဝင်ပြီး မနက်ပိုင်းမှာတစ်ကြိမ်၊ ညနေပိုင်းမှာတစ်ကြိမ် သပိတ်ကို ဆင်နွှဲခဲ့ကြသလို စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ဟောပြောမှုတွေလည်း လုပ်ခဲ့ကြပါတယ်။ ဒီကနေ့ ထားဝယ်သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ လူငယ်တဦးက အကျနေ့အတွက် တော်လှန်သင်္ကြန်အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“မြို့နဲ့ ပတ်သက်တဲ့ အထင်ကရနေရာတွေ၊ မြို့ဝင်ဆိုင်းဘုတ်တွေ အဲ့မှာ ဆေးနီတွေနဲ့ ခြယ်တာ၊ သပိတ်လုပ်ကြတာပေါ့နော်။ ပြီးတော့ သပိတ်ချီတက်တဲ့ လမ်းမတွေပေါ်မှာ ပျော်စရာသင်္ကြန်မဟုတ် တော်လှန်သင်္ကြန်ဆိုတဲ့ဟာမျိုးတွေ ဒီအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဟာမျိုးတွေ အဲ့ဒါတွေကို ဆေးနီနဲ့ ရေးကြတယ်လေ။ ပြီးတော့ ဓာတ်တိုင်တွေ၊ လူစည်ကားတဲ့ ဈေးက အုတ်နံရံတွေမှာ ဆေးနီသပိတ်လုပ်ကြတာရှိတယ်။ ထိပ်တိုက်တွေ့တာမျိုးတော့ မရှိဘူး။ ကားတွေဘာတွေနဲ့ ပြောက်ကျားဆိုတော့ ဘယ်နေရာမှာ ဘယ်လို ဆန္ဒပြနေတယ်ဆိုတဲ့ဟာမျိုးကတော့ သူတို့ အခြေအနေ မသိလိုက်ဘူးပေါ့။ မတ်လ ၂၇ နောက်ပိုင်းကနေ စပြီးတော့ ထိပ်တိုက်တွေတာမျိုးတွေနည်းသွားပြီ။ ပုံမှန်အတိုင်း ဆင်ဆင်ခြင်ခြင်နဲ့ လူစုခွဲလိုက်နိုင်တယ်။ လူစုခွဲပြီးတော့မှဘဲ သူတို့ကားတွေ ရောက်လာတာမျိုးပဲရှိတယ်။”

စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့် သေဆုံးသူတွေရှိခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း လူထုလမ်းလျှောက်သပိတ်နဲ့အတူ သွေးမတိတ်သပိတ်ကို သင်္ကြန်အကျနေ့မှာ တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲခဲ့ပါတယ်။

“ကလေးမြို့မှာတော့ ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်ကနေ စပြီးတော့ သွေးမတိတ်သပိတ် ကျင်းပတယ်ဗျ။ အခု လက်ရှိသင်္ကြန်နဲ့ ... သင်္ကြန်ပွဲမကျင်းပတာ ၂နှစ်ရှိပြီပေါ့။ အခု သွေးမတိတ်သပိတ်ကိုတော့ ပုံမှန်လူထုလမ်းလျှောက်သပိတ်မှာပဲ တခါတည်းတွဲပြီး ကျင်းပတယ်ဗျ။ လုံခြုံရေးကတော့ အဆင်မပြေဘူး၊ ကျနော်တို့ နေရာတွေပြောင်း၊ စုရပ်တွေပြောင်းပြီးတော့ လုပ်နေရတယ်ဗျ။”

ပျော်စရာသင်္ကြန် မဟုတ်တဲ့ တော်လှန်သင်္ကြန်အတွက် အကြိုနေ့မှာ အတာအိုးသပိတ်၊ အကျနေ့မှာ သွေးမတိတ်သပိတ်၊ အကြတ်နေ့မှာ ယာဉ်သပိတ်နဲ့ အတက်နေ့မှာတော့ ဝမ်းနည်းခြင်းသပိတ်၊ နှစ်ဆန်းတရက်နေ့မှာတော့ ဆုတောင်းသပိတ်အဖြစ် ဆင်နွှဲကြဖို့ ဆန္ဒပြသပိတ်ဦးဆောင်သူ လူငယ်တွေက တိုက်တွန်းထားပါတယ်။

ဒီကနေ့ သင်္ကြန်အကျနေ့ကိုတော့ သွေးမတိတ်သပိတ်၊ လမ်းပေါ်ထွက်ပြီး အာဏာရှင်တော်လှန်ရေး လမ်းလျှောက်ချီတက်သပိတ်အပြင် သင်္ကြန်အချိန်မှာ စတုဒီသာကျွေးလေ့ရှိတဲ့ ရာသီစာ မုန့်လုံးရေပေါ်ကို လက်သုံးချောင်းထောင် အသွင်ပြောင်းပြီး မုန့်လုံးရေပေါ်သပိတ်တို့ကိုလည်း မြို့တော်တော်များများမှာ လုပ်ခဲ့ကြပါတယ်။

............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}













XS
SM
MD
LG