ငွေလိမ်ဂိုဏ်းတွေရဲ့ လက်ချက်ကြောင့် စင်္ကာပူနိုင်ငံသားတွေ ဒေါ်လာ (၈၂၂) သန်း မနှစ်က ဆုံးရှုံးခဲ့ကြရ တယ်လို့ စင်္ကာပူရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။ အဲဒီအထဲမှာ Cryptocurrency လို့ခေါ်တဲ့ ဒီဂျစ်တယ် ငွေကြေးနဲ့သက်ဆိုင်တဲ့လိမ်လည်မှုတွေကြောင့် လေးပုံတပုံလောက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ငွေကြေးလိမ်လည်ခံရမှု ဒေါ်လာ (၄၈၆) သန်း ရှိခဲ့ရာက မနှစ် ၂၀၂၄ ခုနှစ်မှာ ၇၀.၆% အထိတိုးလာခဲ့သလို အကြိမ်ရေအားဖြင့်လည်း ၁၁% နဲ့ ညီမျှတဲ့ ၅၁,၀၀၀ ကျော်အထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
အလိမ်ခံရမှုဆုံးရှုံးမှုတွေအားလုံးရဲ့ ၂၄% ကျော်ဟာ Cryptocurrency ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် e-Commerce လို့ခေါ်တဲ့ အင်တာနက်ပေါ်မှာ အရောင်းအဝယ်လုပ်တာတွေကြောင့် လိမ်လည် ခံရတဲ့ အရေအတွက်က ဒေါ်လာ (၁၃) သန်းအထိ အများဆုံး,ဆုံးရှုံးခဲ့ပြီး အကြိမ်ရေအားဖြင့် (၁၂,၀၀၀) နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဆုံးရှုံးမှုတွေထဲက အများစုဖြစ်တဲ့ ၇၀% ကျော်ဟာ ဒေါ်လာ (၃,၇၀၀) အောက် ဖြစ်တယ်လို့ ဆိုပါတယ်။ စုစုပေါင်း ဆုံးရှုံးတဲ့ပမာဏ များရခြင်း အကြောင်းရင်းဟာ အကြိမ်ရေ နည်းနည်းနဲ့ ငွေကြေးပမာဏ များများဖြစ်ခဲ့တဲ့အတွက်ကြောင့်လို့ စင်္ကာပူရဲတပ်ဖွဲ့က ပြောပါတယ်။ ဆုံးမှု အများဆုံး လိမ်လည်ခံရမှုလေးခုနဲ့တင် ဒေါ်လာ (၁၇၈) သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
အလိမ်ခံရသူတွေထဲက အသက် (၆၅) နှစ်နဲ့အထက်က ၈% ကျော်ကျော်သာ ရှိခဲ့ပေမယ့် ဆုံးရှုံးမှု အများစုဟာ အသက်အရွယ်အပိုင်းအခြားအားဖြင့် အမျိုးမျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆုံးရှုံးသွားတဲ့ ငွေကြေးအားလုံးထဲက ဒေါ်လာ (၁၃၆) သန်းကို စင်္ကာပူ ငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးဌာနက ပြန်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Forum