သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေဦးတော်လှန်ရေးနဲ့ မြန်မာ့ဒစ်ဂျစ်တယ်နည်းပညာ

CRYPTO-CURRENCY
CRYPTO-CURRENCY

နွေဦးတော်လှန်ရေးနဲ့ မြန်မာ့ဒစ်ဂျစ်တယ်နည်းပညာ

မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့ နိုင်ငံတွေအတွက် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အသုံးချနိုင်မယ်ဆိုရင် ဘဏ္ဍာရေးဝန်ဆောင်မှုသာမက ဆက်သွယ်ရေးကွန်ရက်အတွက်ပါ အရေးပါကြောင်း အမေရိကန် ဒစ်ချယ်တယ်လ်နည်းပညာ ကျွမ်းကျင်သူတွေက ဗွီအိုအေကို ပြောပါတယ်။

Cryptocurrencies ဒစ်ဂျစ်တယ်ငွေကြေးစနစ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။


ဝါရှင်တန်ဒီစီ National Press ကလပ်မှာ စက်တင်ဘာလ (၂၇) ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုခံထားရတဲ့ နိုင်ငံတွေ၊ အာဏာရှင်တွေစိုးမိုးထားတဲ့ နိုင်ငံတွေအတွက် ဒစ်ဂျစ်တယ်ငွေကြေးစနစ်၊ နည်းပညာတွေဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေသူတွေအတွက် ဘယ်လို အသုံးဝင်မလဲ၊ တချိန်တည်းမှာပဲ ဒစ်ဂျစ်တယ်နည်းပညာနဲ့အတူ အန္တရာယ်ပြုလာတဲ့ ဆိုက်ဘာအင်တာနက် တိုက်ခိုက်မှုတွေ ဘယ်လို ကာကွယ်မလဲ၊ နည်းပညာအရ ပြိုင်ဘက် တရုတ်ကို ကျော်ဖြတ်နိုင်ရေးဘယ်လို နည်းဗျူဟာတွေရှိသင့်သလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြတာပါ။

တရုတ်၊ ရုရှား၊ မြန်မာစတဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အာဏာရှင်အစိုးရတွေကလည်း ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး သူတို့ရဲ့အတိုက်အခံတွေကို ထိန်းချုပ်ဖို့ကြိုးစားကြတဲ့နေရာမှည ဒီမိုကရေစီရေးလှုပ်ရှားသူတွေဘက်ကလည်း Bitcoin လို Cryptocurrencies ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို ထိရောက်အောင် အသုံးပြုနိုင်ပုံကို ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ Brookings Artificial Intelligence and Emerging Technology Initiative ညွန်ကြားရေးမှူး Chris Meserole က အခုလို ပြောပါတယ်။

"Bitcoin ကို ငွေကြေးကွန်ရက်အဖြစ်သာမကပဲ ဆက်သွယ်ရေးကွန်ရက်အဖြစ်ပါ အသုံးပြုနိုင်ပါတယ်။ နေရာအသီသီး ကဏ္ဍအသီးသီးမှာရှိနေတဲ့ သူတွေအချင်းချင်း ငွေကြေးဒစ်ဂျစ်တယ်လ် ကွန်ရက်ကို အသုံးပြုပြီး အပြန်အလှန် ချိတ်နိုင်တဲ့အတွက် ဆက်သွယ်ရေးအပိုင်းမှာလည်း ထိရောက်မှုတွေရှိတာတွေ့ရပါတယ်။"

Bitcoin ကိုအသုံးပြုပြီး နိုင်ငံတကာမှာ အာဏာရှင်စနစ်ကို တော်လှန်နေသူတွေအတွက် ငွေကြေးပံ့ပိုးပေးခဲ့တဲ့ အခြေအနေကို ဆွေးနွေးပွဲကို ပူးတွဲစီစဉ်တဲ့ Bitcoin Policy Institute ရဲ့လက်ထောက်ညွန်ကြားရေးမှူး Grant McCarty က ဗွီအိုအေကို ပြောပါတယ်။

"Bitcoin ဟာ လူတွေကို ဘာတွေခွင့်ပြုသလဲဆိုရင် အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီဆဆန့်ကျင်တဲ့စနစ်တွေအောက်မှာ ဖိနှိပ်ထိန်းချုပ်မှုတွေကို ရှောင်ရှားနိုင်အောင် အထောက်အကူပေးပါတယ်။ အခြားနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အုပ်စုတွေကို ငွေပေးပို့ လှူဒါန်းနိုင်အောင် ဝန်ဆောင်မှုပေးပါတယ်။ ဥပမာ ဟောင်ကောင်မှာ တရုတ်အစိုးရကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအတွက် ကမ္ဘာတဝှမ်းမှာရှိတဲ့ Bitcoin တန်ဖိုးအားဖြင့် ဒေါ်လာပေါင်း သောင်းနဲ့ချီ စုပေါင်း လှူဒါန်းနိုင်ခဲ့ပါတယ်။"

ဒစ်ဂျစ်တယ်ငွေကြေးစနစ်မှာ Bitcoin နဲ့ အခြား ဒစ်ဂျစ်တယ်ငွေကြေး အမျိုးမျိုးကို သတ်မှတ်အသုံးပြုနေပြီး ထိန်းချုပ်တဲ့ ဗဟိုဘဏ်စနစ်ဆိုတာမရှိပဲအင်တာနက် ရှိတဲ့နေရာတိုင်းမှာ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုကို ပေးနိုင်ပုံကို Strategic Partner Engagement Lead လွတ်လပ် သော သုတေသနပြုကွန်ရက် IRN ရဲ့ ပြောခွင့်ရ ကိုအောင်ပိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

" ပုံမှန်အားဖြင့် ဒစ်ဂျစ်တယ်နည်းနဲ့ ငွေကြေး လွှဲပြောင်းလို့ ရနေတာပဲလေ။ Kpay တို့ Wavemoney တို့ ဒါတွေ သုံးနေကြတယ်။ crypto တွေနဲ့ကျ ဘာကွာလဲဆိုတော့ အားသာချက် အားနည်းချက်ရှိပါတယ်။ ကျနော်တို့ Mobile money တွေဆိုတာက ဘဏ်စနစ်ရဲ့ ကွန်ယက်ထဲမှာရှိတဲ့အတွက် သက်ဆိုင်ရာ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုတို့ ၊ သက်ဆိုင်ရာ နိုင်ငံ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ ခုလို တော်လှန်ရေးကာလမျိုးမှာ ဆိုရင်တော့ ဒါတွေက စကစရဲ့ထိန်းချုပ်မှုအောက်မှာ ဘဏ်အကောင့်တွေ ပိတ်ချခံရတာမျိုးရှိလာတယ်။ Cryptocurrency မှာကျတော့ အဲလိုမျိုး မဟုတ်တော့ပဲနဲ့ အစိုးရထိန်းချုပ်မှုအောက် မရှိတဲ့အတွက် လွတ်မြောက်နေတာပေါ့ ဒါက အားသာချက်ပါ။"

အင်တာနက်နဲ့ ချိတ်ဆက်အသုံးပြုရတဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်မှာ အားနည်းချက်တွေရှိနေတာကိုလည်း ကိုအောင်ပိုင်က ပြောပါတယ်။

" အားနည်းချက်ကတော့ − ဒီ Cryptocurrency ကို ကျနော်တို့က သူ့အတိုင်းဆက်သုံးသွားရင် ပြသနာမဟုတ်ပေမယ့်၊ အခြား ပုံမှန်ငွေကြေးကို ဖလှယ်ပြီး ပြောင်းသုံးချင်ပြီဆိုရင်တော့ နည်းနည်းပိုပြီး ရှုပ်ထွေးတဲ့အဆင့်မှာ ရှိပါတယ်။ "

ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ပတ်သက်တဲ့ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေနဲ့ အမေရိကန် လွှတ်တော်အသိုင်းအဝိုင်းက စိတ်ဝင်စားသူတွ တက်ရောက်ခဲ့ကြပါတယ်ရှင်။

နွေဦးတော်လှန်ရေးနဲ့မြန်မာ့ဒစ်ဂျစ်တယ်နည်းပညာ
please wait

No media source currently available

0:00 0:04:43 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG